ရှေ့သို့
Image

ဘက်စ်ကွက်လက်သစ်လို့ တင်စားခြင်းခံထားရတဲ့ ကစားသမားကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်

12:48 PM, 25 January

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမှာ စိတ်ပျက်ခဲ့ရပြီးနောက် ၂၀၂၃-၂၄ ရာသီဟာ အာဆင်နယ်အတွက် သင့်လျော်တဲ့စတင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ရာသီရဲ့အချိန်များစုမှာ ဦးဆောင်နေသော်လည်း နောက်ဆုံးတွင် ဂန်နာတွေဟာ ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရပါတယ်။ ရာသီအစတွင် အာဆင်နယ်ဟာ အသင်းတွင် အရည်အသွေးပိုကောင်းလာစေရန် ဒီကလန်ရိုက်စ်၊ ဟာဗက်ဇ်နှင့် ဂိုးသမား ဒေးဗစ်ရာယာတို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဂန်နာတွေဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လီဗာပူးနောက် ၅ မှတ် အကွာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွက် မျှော်မှန်းထားပြီး ကာလရှည်ပစ်မှတ်အတွက် ခေါ်ယူနိုင်ရန် နီးစပ်နေပြီလို့ သိရပါတယ်။

စပိန်သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဆိုစီဒက်ကွင်းလယ်ကစားသမား မာတင်ဇူဘီမန်ဒီဟာ လာမယ့်ရာသီတွင် မြောက်လန်ဒန်ကလပ်အတွက် ကစားရန် ကမ်းလှမ်းမှုကို လက်ခံရန် အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုလအပြောင်းအရွှေ့ဈေးကွက်အတွင်း စပိန်သားကို ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ကစားသမားကတော့ အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် ဆိုစီဒက်မှ ထွက်ခွာရန် တွန့်ဆုတ်နေပါတယ်။

ဇူဘီမန်ဒီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၆၀ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပြီး အာဆင်နယ်ကတော့ ကာလရှည်အစီအစဥ်ဖြင့် ပေးချေလိုနေတာ ဖြစ်ပါတယ်။ ဘက်စ်ကွက်လက်သစ်အဖြစ် ခေါ်ဆိုနေတဲ့ ဇူဘီမန်ဒီကို ဘာစီလိုနာနည်းပြ ဇာဗီက ကတ္တလန်ကလပ်သို့ ခေါ်ဆောင်ရန် စိတ်ဝင်စားနေတယ်လို့ ယခင်က AS မှ ဖော်ပြခဲ့ဖူးပါတယ်။

နွေရာသီတွင် အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ခဲ့တဲ့ ဘက်စ်ကွက်စ်ရဲ့ နေရာတွင် ကာလရှည် အစားထိုးရန် ဇာဗီက ဇူဘီမန်ဒီကို ကြည့်ရှုနေတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါတွင် ဘာစီလိုနာဟာ အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် ပြိုင်ဆိုင်နိုင်ခြင်းမရှိတော့တာကြောင့် စပိန်သားကို ခေါ်ယူနိုင်ရန် အာဆင်နယ်အတွက် လမ်းပွင့်သွားပြီလို့ ထင်ရပါတယ်။

အာဆင်နယ်ဟာ လာမယ့်အင်္ဂါနေ့တွင် နော်တင်ဟမ်ဖောရက်စ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည် ကစားရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #အာဆင်နယ် #အပြောင်းအရွှေ့ #ဘက်စ်ကွက်