ရှေ့သို့
Image

အယ်လ်ဗာရက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို မယုံကြည်နိုင်စရာပဲလို့ ချီးကျူးပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

1:26 PM, 1 February

ဒီနေ့မနက်ပိုင်း၊ ဘန်လေကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးခဲ့တဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။

အယ်လ်တီဟတ်ကွင်းအတွင်း ကစားရတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးအပါအဝင် အယ်လ်ဗာရက်ဇ်က အခုရာသီ၊ မန်စီးတီးအတွက် ၁၅ ဂိုးအထိ သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ဘောလုံးရာသီ၊ သူ့ရဲ့သွင်းဂိုးမှတ်တမ်းကို အမှီလိုက်နိုင်ဖို့ နှစ်ဂိုးသာ လိုအပ်ပါတော့တယ်။

အသက်-၂၄ နှစ်အရွယ်တိုက်စစ်မှူးက ကစားသမားဘဝအစောပိုင်းမှာပဲ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးထားနိုင်ပြီး ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်း အာဂျင်တီးနားသားဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေအနက် တစ်ဦးအဖြစ် ကိုယ့်ကိုကိုယ် တည်ဆောက်နိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။

ဂွါဒီယိုလာက “သူ့ရဲ့အသက်အရွယ်၊ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ပြထားတဲ့ စွမ်းဆောင်ရည်၊ အသင်းအတွက် သူလုပ်ပေးခဲ့တဲ့အရာတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အယ်လ်ဗာရက်ဇ်က မယုံကြည်နိုင်လောက်စရာ ကစားသမားကောင်း ဖြစ်နေပါတယ်။ သူက မက်ဆီ၊ ဒီမာရီယာနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့နဲ့ တွဲဖက်ပြီး ကမ္ဘာ့ဖလားချန်ပီယံအသင်းအတွက် ကစားပေးခဲ့ပါတယ်။ ခြေစွမ်းမကောင်းဆိုရင် အဲ့ဒီလိုအသင်းမျိုးမှာ ကစားခွင့်မရနိုင်ပါဘူး။ သူက နေရာသုံးမျိုးလောက်မှာ ကစားနိုင်ပြီး ပြင်းပြတဲ့ကြိုးစားအားထုတ်မှုနဲ့အတူ လက်ဖျားခါလောက်စရာ ဘောလုံးအမြင်မျိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အယ်လ်ဗာရက်ဇ် အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

အခုဘောလုံးရာသီစတင်ချိန်မှာ လက်လွှတ်ခဲ့ရတဲ့ အဓိကကွင်းလယ်လူဒီဘရိုင်းကို ပွဲထွက်ကစားသမား အဖြစ် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်တဲ့ ပက်ဂွါဒီယိုလာအတွက် အယ်လ်ဗာရက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေအနက် တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း ပွဲရလဒ်ပိုင်း အနိုင်ရရှိနေချိန်မှာ မန်စီးတီးနည်းပြက ခြေဖဝါးဒဏ်ရာကြောင့် နှစ်လကြာ အနားယူခဲ့တဲ့ ဟာလန်းကို ပထမဆုံးအကြိမ် လူစားဝင်ကစားစေခဲ့ပါတယ်။

ဂွါဒီယိုလာက “ပထမပိုင်းမှာ ခုနစ်ဂိုးပြတ်လောက် နိုင်နေမယ်ဆိုရင် ဟာလန်းအနေနဲ့ ဒီထက်ပိုပြီး ကစားချိန် ရရှိပါလိမ့်မယ်။ အကယ်၍ ဂိုးမရှိသရေကျနေရင်တော့ သူ့ကို တစ်မိနစ်လေးတောင် ကစားခွင့်မပေးတာမျိုး ရှိကောင်းရှိလာနိုင်ပါတယ်။ သူ ထက်ထက်မြက်မြက်ရှိနေတာကို ကျွန်တော်မြင်တွေ့ခဲ့ပြီး အရင်လိုခြေစွမ်းမျိုး ရရှိနေတယ်လို့လည်း ခံစားမိပါတယ်။ ဟာလန်းက အခွင့်အရေးကောင်းတွေ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ဒိုကူကိုယ်တိုင်က သူ့ကို မမြင်လိုက်လို့ ဘောလုံး မပေးပို့လိုက်မိတဲ့ အခိုက်အတန့် သုံးလေးကြိမ်ရှိပါတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ ဟာလန်းသာ ဘောလုံးရရှိမယ်ဆိုရင် သူ့ရဲ့အရည်အသွေးတွေနဲ့အတူ ဂိုးသွင်းယူနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်လလောက်မှာ ဟာလန်းမပါဝင်နိုင်ပေမယ့် အသင်းက တကယ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဟာလန်းပါလာရင်တော့ ကျွန်တော်တို့အသင်းက ပိုကောင်းလာပြီး သူပြန်လာမှုအတွက် ကျွန်တော်တို့ အရမ်းကျေနပ်မိပါတယ်”လို့ ပြောပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #အယ်လ်ဗာရက် #ပရီးမီးယားလိဂ်