ရှေ့သို့
Image

တန်ဟက်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော်ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလို့ တုံ့ပြန်ဖြေကြားခဲ့တဲ့ ကက်စ်မဲရိုး

2:24 PM, 1 February

မန်ချက်စတာယူနိုက်ကွင်းလယ်လူ ကက်စ်မဲရိုးက အသင်းနည်းပြ အဲရစ်တန်ဟက်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားဖို့ငြင်းဆန်ခဲ့ပြီး သူဆုံးဖြတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ယခုရာသီယူနိုက်တက်ရဲ့ ပွဲစဉ်အများအပြားကိုလွဲချော်ခဲ့ပြီး ဒီရာသီ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ဟာ ၁၉၈၉-၉၀ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးသော ပရီးမီးယားလိဂ်စတင်မှုနဲ့ကြုံတွေ့ခဲ့ပါတယ်။ ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေနဲ့ မကြာခဏကြုံတွေ့နေရတဲ့အပြင် ကစားပုံကလည်း ဆိုးရွားလာတာကြောင့် တန်ဟက်အပေါ်ဖိအားတွေကျရောက်လာခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ကက်စ်မဲရိုးကတော့ ယူနိုက်တက်ဟာ တန်ဟက်လက်အောက်မှာ တိုးတက်နေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပြီး သူ့ရဲ့ကစားသမားဘဝကိုလည်း အသင်းရဲ့ရင်းနှီးမြှုပ်နှံသူအသစ်ဖြစ်တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့လက်အောက်မှာ ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိဆွတ်ခူးခဲ့ဖူးတဲ့ ကက်စ်မဲရိုးက “ကျွန်တော်က ဘယ်သူမန်နေဂျာဖြစ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့သူမဟုတ်ပါဘူး။ အဲဒါကို ဆုံးဖြတ်ဖို့ အရည်အချင်းပြည့်မီသူတွေက အသင်းမှာရှိနေပြီးသားပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက တန်ဟက်အနေနဲ့ ယူနိုက်တက်ဟာ သူ့လက်အောက်မှာ တိုးတက်လာနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့ တကယ်လည်းတိုးတက်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က နိုင်ပွဲတွေ အမြဲတမ်းလိုလိုရရှိဖို့လိုအပ်ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက နိုင်ပွဲတွေနဲ့ ထိုက်တန်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို အမြဲတမ်းကူညီခဲ့ပြီး ဒီအသင်းမှာနေရတာလည်း ကျွန်တော်ပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရက်ကလစ်ဖ်နဲ့ပတ်သက်ပြီးတော့ ကွင်းလယ်လူက “သူ့ကိုယ်သူ ကျွန်တော်တို့နဲ့ မိတ်ဆက်ပြီးပါပြီ။ သူ့ရဲ့ အနိုင်ရလိုစိတ်က အသင်းကို တိုးတက်စေမှာပါ။ သူ့ရဲ့အတွေ့အကြုံတွေနဲ့အတူ ယူနိုက်တက်ကို အမြင့်ဆုံးအဆင့်အတန်းမှာ ပြန်ထားနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း အသင်းကို အမြင့်ဆုံးနေရာတွေမှာထားနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

တန်ဟက်ရဲ့ယူနိုက်တက်နည်းပြဘဝ ဒုတိယရာသီမှာတော့ အသင်းရဲ့ပြဿနာတွေက တောက်လျှောက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိတန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၁ မှတ်အထိကွာဟနေပါတယ်။ ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးအနည်းဆုံး အသင်းတွေထဲမှာ ယူနိုက်တက်ဟာ အဆင့် ၃ နေရာချိတ်နေပါတယ်။

ရက်ကလစ်ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဂျေဒန်ဆန်ချိုနဲ့လူသိရှင်ကြား အငြင်းပွားမှုအပါအဝင် လတ်တလောမှာလည်း တန်ဟက်ဟာ တိုက်စစ်မှူး မားကက်ရက်ရှ်ဖို့ဒ်ရဲ့ စည်းကမ်းဖောက်ဖျက်မှု စသဖြင့် ကွင်းတွင်းကွင်းပြင်ပြဿနာအမျိုးမျိုးနဲ့ တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နယ်သာလန်သားဟာကက်စ်မဲရိုးလို အသင်းရဲ့အဓိက ကစားသမားအများအပြားကိုလည်း ဒဏ်ရာပြဿနာကြောင့် ကာလအတော်ကြာ လက်လွှတ်ခဲ့ရပါတယ်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ ကက်စ်မရိုးနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့အပါအဝင် အသင်းရဲ့အဓိက ကစားသမားတော်တော်များများက ဒဏ်ရာကနေပြန်လည် သက်သာလာပြီဖြစ်တာကြောင့် တန်ဟက်အနေနဲ့ လက်ကျန်ရာသီကို ကစားသမားပြည့်ပြည့်စုံစုံနဲ့ ဖြတ်သန်းသွားနိုင်ဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ လာမယ့် သောကြာနေ့နံနက် ဝုဗ်နဲ့ပွဲစဉ်မှာ အနိုင် ၃ မှတ်ရရှိခဲ့မယ်ဆိုပါက အဆင့် ၇ နေရာကို တက်လှမ်းလာနိုင်မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်