ရှေ့သို့
Image

လီဗာပူးကို အနိုင်ရရှိပြီးနောက် အလွန်အမင်းအောင်ပွဲခံခဲ့တဲ့ အိုဒီဂတ်ကို ကာရေဂါ ဝေဖန်

10:46 AM, 5 February

ဂျေမီကာရေဂါက လီဗာပူးကို အနိုင်ရရှိပြီးနောက် ကွင်းထဲမှာ အလွန်အမင်းအောင်ပွဲခံနေခဲ့တဲ့ အာဆင်နယ် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ လီဗာပူးကို ၃-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာကို တက်လှမ်းလာခဲ့ပြီး လီဗာပူးနဲ့ ရမှတ်ကွာဟချက်ကိုလည်း ၂ မှတ်အထိလျှော့ချနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာတီတာရဲ့အသင်းဟာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့သလို ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပြီး ပွဲအစ ၁၄ မိနစ်မှာပဲ ကိုင်ဟားဗက်ဇ်ရဲ့ကန်ချက် လျှံထွက်လာရာကတစ်ဆင့် ဘူကာယိုဆာကာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ပထမပိုင်း ပြီးကာနီးမှာတော့ လီဗာပူးက ချေပဂိုးပြန်လည် ရရှိခဲ့ပြီး အာဆင်နယ်မှ ဒေးဗစ်ရာယာနဲ့ ဝီလီယမ်ဆာလီဘာတို့ရဲ့ နားလည်မှုလွဲရာကတစ်ဆင့် ဂါဘရီရယ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာဖြစ်ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကိုတော့ ၆၇ မိနစ်မှာ လီဗာပူးနောက်တန်း အမှားမှတစ်ဆင့် မာတင်နယ်လီနဲ့ ၉၀+၂ မိနစ်မှာ လူစားဝင်ကစားသမား ထရိုဆက်က တစ်ကိုယ်တော်အစွမ်းနဲ့ အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲပြီးချိန်မှာတော့ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ အသင်းရဲ့ဓာတ်ပုံဆရာဆီမှ ကင်မရာကိုယူကာ သူနဲ့ ပရိသတ်တွေရဲ့ဓာတ်ပုံကို ရိုက်ယူနေခဲ့ပါတယ်။ ကွင်းလယ်လူရဲ့ ဒီလိုလုပ်ရပ်ဟာ နဂိုကတည်းက သူ့ရဲ့အသင်းဟောင်းရှုံးလို့ စိတ်ပျက်နေတဲ့ ကာရေဂါအတွက် ဒေါသထွက်စရာဖြစ်လာခဲ့တာကြောင့် ကစားသမားဟောင်းက ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကာရေဂါက “ဥမင်လှိုဏ်ခေါင်းထဲသွားလို့ရနေပြီလေ။ သူတို့ အနိုင်ရပြီးလို့ ၃ မှတ်ယူပြီးပြီပဲ။ သူတို့ကောင်းကောင်းလည်း ကစားခဲ့ပါတယ်။ အခုဆို ချန်ပီယံပြေးလမ်းပေါ်ကိုလည်း ပြန်ရောက်နေပါပြီ။ အဝတ်လဲခန်းထဲကိုသာ မြန်မြန်သွားပါတော့။ ကျွန်တော် စိတ်မရှည်တော့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ဝေဖန်ခံရတာ ဒီတစ်ကြိမ်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးထက်သာလွန်နေပြီး ပရီးမီးယားလိဂ်ဖလားနဲ့လက်တစ်ကမ်းကို ရောက်ရှိနေတဲ့အချိန်မှာ အာဆင်နယ်နည်းပြ အာတီတာက ပွဲစဉ်တွေမှာ သူ့ရဲ့အသင်းဂိုးသွင်း ယူလိုက်တိုင်း အလွန်အကြူးအောင်ပွဲခံခဲ့တာကြောင့် စိတ်လှုပ်ရှားမှုလွန်ကဲလွန်းတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ယခုအခါမှာ ကာရေဂါအနေနဲ့ သူ့ရဲ့အသင်းရှုံးနိမ့်ခဲ့လို့ ထူထူပူပူနဲ့ ပြောမိပြောရာ ပြောသလိုဖြစ်ခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့ ကြီးမားတဲ့အောင်ပွဲအပေါ် အောင်ပွဲခံမှုနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်အပြောကြမ်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ ဒီပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်ကို ၈ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့မှာ ဖြစ်သော်လည်း ယခုအခါမှာတော့ အသင်း ၂ သင်းအကြား ရမှတ်ကွာဟမှုဟာ ၂ မှတ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

#လီဗာပူး #အာဆင်နယ် #အိုဒီဂတ် #ကာရေဂါ #ပရီးမီးယားလိဂ်