ရှေ့သို့
Image

အာရှဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ပရိသတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ဆွန်ဟောင်မင်

9:11 AM, 7 February

ယမန်နေ့က ကစားခဲ့တဲ့အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တောင်ကိုရီးယားဟာ ဂျော်ဒန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာကြောင့် ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ပရိသတ်တွေကိုတောင်းပန်ကြောင်း ပြောကြားလာခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ခဲ့ကြသော်လည်း ဖီဖာသတ်မှတ်ချက် ကမ္ဘာ့အဆင့် ၆၄ မှာရှိနေတဲ့ ဂျော်ဒန်ကို အသာစီးယူနိုင်ခဲ့ခြင်းမရှိဘဲ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တောင်ကိုရီးယားနဲ့ တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်က “အရမ်းစိတ်ပျက်မိပါတယ်။ ဒီရလဒ်နဲ့ပတ်သက်ပြီး ယူကျုံးမရဖြစ်ရပါတယ်။ ဂျော်ဒန်က ဒီပြိုင်ပွဲမှာတကယ်ပဲ အရှိန်ရနေပြီး နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွက်တော့ အတော်လေးစိတ်ပျက်စရာကောင်းတဲ့ပွဲတစ်ပွဲပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်နဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တွေမှာလည်း ပွဲပြီးလို့ နာကျင်အချိန်တွေမှာ ဂိုးတွေရခဲ့လို့သာ ယခုလို ဆီမီးဖိုင်နယ်အထိတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်မှာတော့ တောင်ကိုရီးယားဟာ ဂျော်ဒန်ရဲ့ဦးဆောင်ဂိုး ၂ ဂိုးကို နောက်ဆုံးအချိန်အထိ ချေပနိုင်ခဲ့ခြင်း မရှိပါဘူး။

အသင်းသမိုင်းတစ်လျှောက် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားတဲ့ ဂျော်ဒန်ဟာ စနေနေ့မှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ အီရန် ဒါမှမဟုတ် ကာတာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က “ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ နောင်တရနေဖို့အချိန်မရှိပါဘူး။ ကျွန်တော်အခု ကျွန်တော့်ရဲ့ကလပ်အသင်းကိုပြန်ပြီး လက်ကျန်ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရပါမယ်။ ပရိသတ်တွေ မျှော်လင့်တဲ့အတိုင်း မလုပ်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ရှေ့လျှောက်ကစားသမားတစ်ယောက်အနေနဲ့ ပိုကောင်းအောင်ကြိုးစားပြီး လက်ရွေးစင်အသင်းကို နောက်တစ်ဆင့်တက်နိုင်ဖို့ ကူညီပေးသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ယခုအာရှဖလားပြိုင်ပွဲမှာ ဆွန်ဟာ ပင်နယ်တီမှ ၂ ဂိုး၊ ဖရီးကစ်ကန်ချက်မှ ၁ ဂိုးနဲ့ စုစုပေါင်း ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
#ဆွန်ဟောင်မင် #တောင်ကိုရီးယား #အာရှဖလား