ရှေ့သို့
Image

တောင်ကိုရီးယားလက်ရွေးစင်အသင်းနည်းပြ ရာထူးမှ နုတ်ထွက်ဖို့ မရှိဘူးလို့ ဆိုလိုက်တဲ့ ကလင်းစမန်း

9:43 AM, 7 February

ယမန်နေ့ညပိုင်း၊ အာရှဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျော်ဒန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာလာရပြီးနောက် ကလင်းစမန်းက တောင်ကိုရီးယား လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆက်ရှိနေဦးမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

တောင်ကိုရီးယားဘောလုံးပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိတဲ့ ဂျာမန်ဂန္တဝင်ကြီးဟာ အခုလို ဆီမီးဖိုင်နယ်အဆင့်မှာပဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရလို့ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဆွန်ဟောင်မင်လို အာရှအကောင်းဆုံးဘောလုံးသမားရှိနေပေမယ့် တောင်ကိုရီးယားက ကာတာမှာ ဂျော်ဒန်ကို အရေးနိမ့်ခဲ့လို့ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အာရှဖလားအောင်မြင်မှုရယူနိုင်ရေး စောင့်ဆိုင်းသွားရပါတော့မယ်။

ရာထူးမှ နုတ်ထွက်သွားဖို့ရှိသလားလို့ AFP သတင်းဌာနရဲ့မေးမြန်းလာမှုကို ကလင်းစမန်းက “တစ်ခုခုလုပ်သွားဖို့ ကျွန်တော့်မှာ ဘာအစီအစဉ်မှ မရှိပါဘူး။ ကျွန်တော့်ရဲ့အစီအစဉ်ကတော့ အခုပြိုင်ပွဲရဲ့ ရလဒ်တွေအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ဘယ်အရာကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူးဆိုတာ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ကောင်းမွန်တဲ့အချက်တွေလည်း ရှိပါတယ်။ အသင်းက ဖွံ့ဖြိုးတိုးတက်နေပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကတော့ လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ။ အလုပ်တွေလုပ်ဖို့ အများကြီးရှိပါသေးတယ်။ အဲ့ဒါကလွဲရင် ကျွန်တော် ဘာမှမစဉ်းစားထားပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

ဂျော်ဒန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ပြုံးနေတဲ့ကလင်းစမန်းကို တောင်ကိုရီးယား ပရိသတ်တွေအကြား ဝေဖန်လာကြပါတယ်။ ဒိုဟာရှုံးနိမ့်မှုအပြီး ဂျော်ဒန်နည်းပြဟူစိန်အမ်မိုတာနဲ့ လက်ဆွဲနှုတ်ဆက်ချိန် ဘာကြောင့် ပြုံးနေသလဲဆိုတာကို ပွဲပြီးသတင်းစာ ရှင်းလင်းပွဲအတွင်း ကလင်းစမန်းဆီ မေးမြန်းလာခဲ့ပါတယ်။

အသက်-၅၉ နှစ်အရွယ်နည်းပြက “ကျွန်တော်က စိတ်ပျက်နေသလို ဒေါသလည်း ထွက်နေတာပါ။ ပွဲစဉ်ရဲ့ ပထမ မိနစ် ၂၀-၃၀ အတွင်း ကျွန်တော်တို့အသင်း ကစားကွက်တောင် တည်လို့မရခဲ့ပါဘူး။ ဂျော်ဒန်က ဒီပွဲမှာ အနိုင်ရဖို့ ရေပန်းမစားခဲ့ဘူးဆိုပေမယ့် အနိုင်ရဖို့ ထိုက်တန်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ဖို့ ရည်မှန်းထားခဲ့တာပါ။ ဒါပေမယ့် ဂျော်ဒန်က ပိုပြီးပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့သလို ပထမပိုင်းပွဲချိန်မိနစ် ၃၀ လောက်အတွင်း တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခြေအနေ အားလုံးနီးပါးကို သူတို့တွေ အနိုင်ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

#တောင်ကိုရီးယား #ကလင်းစမန်း #အာရှဖလား #ဂျော်ဒန်