ရှေ့သို့
Image

တစ်ဦးတည်းလေ့ကျင့်ခန်းလုပ်ဖို့ ငြင်းဆန်ခဲ့လို့ အသင်းလူစာရင်းကနေ ချန်လှပ်ခံရတော့မယ့် ဘန်ဇီးမား

9:59 AM, 8 February

အယ်လ်အစ်တီဟတ် တိုက်စစ်မှူး ကာရင်ဘန်ဇီးမားဟာ အသင်းနည်းပြ မာဆယ်လိုဂယ်လာဒိုရဲ့ တစ်ကိုယ်တော်လေ့ကျင့်ရေးလုပ်ရန်ညွှန်ကြားချက်ကို ငြင်းဆန်ပြီး လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာလာခဲ့တာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းနဲ့ နည်းပြဂယ်လာဒိုတို့အကြား သဘောထားကွဲလွဲမှုဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး တိုက်စစ်မှူးအနေနဲ့ လာမယ့် အယ်လ်တာအီနဲ့ပွဲစဉ်ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။

ဆော်ဒီသတင်းတွေအရ ဂယ်လာဒိုက ဘန်ဇီးမားဟာ ကြံ့ခိုင်မှုမပြည့်ဝဘူးလို့ ယူဆခဲ့ပြီး အသင်းဖော်တွေနဲ့ပြုလုပ်တဲ့ လေ့ကျင့်ရေးအစီအစဉ်ကနေ ထုတ်ပယ်ကာ တစ်ကိုယ်တော်လေ့ကျင့်မှုလုပ်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘန်ဇီးမားက သူဟာ တစ်ကိုယ်တော်လေ့ကျင့်ရေးတွေကို လုံလုံလောက်လောက်လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး အသင်းနဲ့အတူတူ လေ့ကျင့်ရေးဆင်းခွင့်ရဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘန်ဇီးမားဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်ဘဲ ဒဏ်ရာရ ကစားသမားတွေနဲ့အတူ အားကစားခန်းမမှာ လေ့ကျင့်ခန်းဆင်းခဲ့ရတာကြောင့် ကျေနပ်ပုံမရခဲ့ပါဘူး။ ယခုအခါမှာ ဘန်ဇီးမားနဲ့ ဂယ်လာဒိုတို့အကြား ဆက်ဆံရေးဟာ ပျက်ပြားနေပြီး တနင်္လာနေ့က သတင်းတွေအရ သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန်ဆက်သွယ်မှု လုံးဝကင်းမဲ့နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြင်သစ်တိုက်စစ်မှူးဟောင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးအသင်းတို့နဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်းမရှိဘဲ အသင်းမှာပဲ ဆက်လက်ကျန်ရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘန်ဇီးမားဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းနဲ့ အပြင်းအထန်ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အဆိုပါသတင်းတွေဖြေရှင်းဖို့ ကျန်ရှိနေသေးသော်လည်း ယခုအခါမှာ နည်းပြဖြစ်သူနဲ့ အဆင်မပြေဖြစ်လာခဲ့တာဖြစ်ပါတယ်။

#ဘန်ဇီးမား