ရှေ့သို့
Image

လာဇီယိုကို အရေးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်ဟာ တစ်ဦးချင်းအသင်းလို့ ကာရေဂါ ကင်ပွန်းတပ်

1:20 PM, 15 February

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ဘိုင်ယန်ဟာ တစ်ဦးချင်းအသင်းလို့ ဝေဖန်ခဲ့ပြီး အနိုင်ရမယ့်အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

လာဇီယိုကို ၁-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးဂန္ထဝင်ဟောင်းက ဘိုင်ယန်ရဲ့ အနေအထားကို အခုလိုမျိုး ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ကန်ချက် ၁၆ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးမရခဲ့ပဲ လာဇီယိုက အီဆက်ဆန်ကြောင့်ရရှိလာတဲ့ပင်နယ်တီကနေ အင်မိုဘီလီက အဆုံးသတ်ပြီး ၁-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။

“အဲ့တာက အနိုင်ရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပွဲမတိုင်ခင် ကျွန်တော်ပြောခဲ့သလို ဘိုင်ယန်က ကျွန်တော့်အတွက် တစ်ဦးချင်း အသင်းဖြစ်နေပါတယ်။ အသင်းတစ်သင်း မဟုတ်သေးပါဘူး။ နည်းပြ တူချယ်မျက်နှာကိုကြည့်ရင် မြင်နိုင်ပါတယ်။ သူက လုံးဝကိုကြီးမားတဲ့ဖိအားတွေအောက် ရောက်နေတာပါ။ လေဗာကူဆင်တုန်းက နောက်တန်းမှာ ဘာဖြစ်ခဲ့လဲ။ တကယ့်ကို ဆိုးဝါးတဲ့စွမ်းဆောင်ရည်ပါ။ အခုလည်း နောက်တစ်ကြိမ် ထပ်မြင်ခဲ့ရပါပြီ။ သူတို့အခွင့်အရေးတွေလွဲချော်ခဲ့ပါတယ်။ အဓိကက ကိန်းပါ။ ပထမပိုင်းမှာ သူတိုက်စစ်ကိုဦးဆောင်သင့်တာပါ။ ဒါပေမယ့် ဘိုင်ယန်က ၅ နှစ်အတွင်း ချန်ပီယံလိဂ်မှာ ဂိုးပေါက်တည့်ကန်ချက်မရှိတဲ့ ပထမဆုံးပွဲပါ။ ဘယ်လောက်တောင် ဆိုးဝါးတဲ့စွမ်းဆောင်ရည်လဲဗျာ။ အခုချိန်မှာ ပွဲက ၅၀-၅၀ အနေအထားဖြစ်သွားပြီလို့ ထင်ပါတယ်။ အိမ်ကွင်းမှာ ဘိုင်ယန်အနိုင်ရဖို့ မျှော်လင့်နိုင်ပါသေးတယ်။ ဒါပေမယ့် လာဇီယိုက အခွင့်အရေးပိုကောင်းခဲ့ပါပြီ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

၁-၀ နဲ့အရေးနိမ့်ခဲ့ပေမယ့် ဘိုင်ယန်ဟာ ဒုတိယအကျော့မှာ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။ လေဗာကူဆင်ကိုအရေးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်ဟာ နိုင်ပွဲနဲ့အတူ ပြန်လာနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

၂ ပွဲဆက် အရေးနိမ့်ခဲ့တဲ့ အနေအထားမှာ တူချယ်ဟာ ဖိအားတွေပိုများလာခဲ့ပြီး ချန်ပီယံလိဂ်ကနေပါ ထွက်ခွာခဲ့ရရင် အထုတ်ခံရဖွယ်ရှိနေပါတယ်။

#လာဇီယို #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ကာရေဂါ