ရှေ့သို့
Image

ချဲလ်ဆီးထက် တော့တင်ဟမ်က ပိုကောင်းတယ်ဆိုတာကို လက်မခံခဲ့တဲ့ ချဲလ်ဆီးဂန္ထဝင်ဟောင်း ဟာဇက်

8:50 AM, 20 February

ချဲလ်ဆီးအသင်းဂန္ထဝင်ဟောင်း ဟာဇက်က အသင်းဖော်ဟောင်း မီခေးလ်နဲ့အင်တာဗျူးတစ်ခုမှာ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ လက်ရှိမှာ ချဲလ်ဆီးထက်ပိုကောင်းတယ်လို့ ဝန်ခံပြောကြားလိုက်ပေမယ့် တော့တင်ဟမ်က ပိုကောင်းတယ်ဆိုတာကို လက်မခံခဲ့တာဖြစ်ပါတယ်။

ဟာဇက်က “ဒါပေမယ့် ပရီးမီးယားလိဂ်ဆိုတာ အရမ်းခက်ခဲပါတယ်။ ခင်ဗျား မြင်နိုင်ပါတယ်။ အခုလက်ရှိမှာ လီဗာပူးနဲ့ မန်စီးတီးတို့က ချဲလ်ဆီးထက်ပိုကောင်းတဲ့ အသင်းတွေပါ။ တော့တင်ဟမ်ကတော့ အဲ့လိုမထင်ပါဘူး။ သူတို့အကောင်းဆုံး ကစားနေပေမယ့် တော့တင်ဟမ်က အခုလက်ရှိမှာ ချဲလ်ဆီးထက်ပိုကောင်းတဲ့ အသင်းမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မီခေးလ်ကလည်း တော့တင်ဟမ်ဟာ ချန်ပီယံဖြစ်နိုင်မယ့်အသင်းလို့ မမြင်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုဟီလေအသင်းကို စတင်ပြောင်းယူပြီးကတည်းက ချဲလ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းက ကျဆင်းနေတာဖြစ်ပါတယ်။

လူစာရင်းအတွက် ယူရို ၁.၁ ဘီလီယံလောက်အထိ အသုံးပြုထားခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ ရလဒ်တွေဆိုးဝါးနေဆဲဖြစ်ပါတယ်။ ၂၀၂၂ - ၂၃ ရာသီတုန်းက အဆင့် ၁၂ နေရာနဲ့ရာသီသိမ်းခဲ့ပြီးနောက် အခုရာသီမှာလည်း အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၁၂ မှတ်အကွာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်တုန်းကတော့ ပိုချက်တီနိုရဲ့အသင်းဟာ မန်စီးတီးကို ၁-၁ သရေကန်နိုင်ခဲ့ပြီး အဝေးကွင်းမှာ အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲအဖြစ် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဟာဇက် #ပရီးမီးယားလိဂ်