ရှေ့သို့
Image

မန်စီးတီးကို အမှီလိုက်ဖို့ ယူနိုက်တက်နဲ့ ဂျင်မ်ရက်ကလစ်ဖ်တို့ လုပ်ဖို့လိုအပ်တဲ့အရာတွေကို ထောက်ပြလိုက်တဲ့ ကက်စမဲရိုး

4:03 PM, 5 March

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စမဲရိုးက အီတီဟတ်မှာ ရှုံးပွဲကြုံတွေ့ပြီးနောက် မန်စီးတီးကို အမှီလိုက်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာကို ဂျင်မ်ရက်ကလစ်ဖ်ထံ အကြုံပြုပြောကြားလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပွဲအစမှာပဲ မားကက်ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပေမယ့် ဖိုဒန်နဲ့ ဟာလန်းတို့ရဲ့သွင်းဂိုးတွေကြောင့် ပွဲအပြီးမှာတော့ တန်ဟက်ရဲ့ အသင်းက ၃-၁ နဲ့ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက ယူနိုက်တက်ပိုင်ရှင်သစ်ဖြစ်တဲ့ ဂျင်မ်ရက်ကလစ်ဖ်ဟာ မန်စီးတီးနဲ့ ယူနိုက်တက်တို့ကြားက ကွာဟချက်ကို အမှီလိုက်နိုင်ဖို့ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့သော်လည်း ယခုအခါမှာတော့ လုံလောက်တဲ့ အားထုတ်မှုမျိုးကို ပြသထားနိုင်ခြင်းမရှိသေးပါဘူး။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိဆွတ်ခူးထားနိုင်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ မန်စီးတီးက အဘက်ဘက်ကနေသာလွန်နေတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူက "ကျွန်တော်တို့ရဲ့ပထမဆုံး ရည်ရွယ်ချက်က မန်စီးတီးကို အမီလိုက်ဖို့ပါပဲ။ အသင်းပိုင်ရှင်သစ်ကလည်း ကလပ်ရဲ့အဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ မန်စီးတီးကို အမီလိုက်ဖို့ ပစ်မှတ်ထားနေတာပါ။ ကျွန်တော်တို့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အသင်းပိုင်ရှင်သစ်နဲ့ ယူနိုက်တက်တို့ အတူတကွလက်တွဲလုပ်ဆောင်ပြီး အသင်းကို တိုးတက်လာအောင်ကူညီပေးနိုင်မယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးက အင်္ဂလန်မှာသာမက ဥရောပမှာပါ ထိပ်တန်းအဆင့်ကို တောက်လျှောက် ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ယူနိုက်တက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုလောက်ကတည်းက ရုန်းကန်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ မန်စီးတီးဟာ ဂွါဒီယိုလာနဲ့ ပူးပေါင်းလိုက်ကတည်းက မှန်ကန်တဲ့ အရာတွေကို ဆက်တိုက်ပြုလုပ်လာနိုင်ပြီး အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်အထိဆွတ်ခူးနိုင်ခဲ့တဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ ဒီရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ဆုဖလားရရှိဖို့ အခြေအနေကောင်းနေပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ ရာသီက သမိုင်းဝင် ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တာကြောင့် ၁၉၉၉ ခုနှစ်ကဖလား ၃ လုံးချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မီသွားခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်အသင်းဖြစ်လာခဲ့ပါတယ်။

ရက်ကလစ်ဖ်နဲ့ ယူနိုက်တက်တို့ဟာ လက်ရှိအချိန်မှာတော့ အသင်းကို ကြီးမားတဲ့ ပြောင်းလဲမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေကြပြီး လာမယ့်နွေရာသီမှာအသင်းကနေ ကစားသမားတွေကို ရှင်းထုတ်ရုံသာမက ကစားသမားသစ်တွေခေါ်ယူဖို့ ငွေကြေးအမြောက်အမြားသုံးစွဲသွားဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ကက်စ်မဲရိုး #ပရီးမီးယားလိဂ်