ရှေ့သို့
Image

ယူနိုက်တက်အသင်းမှ မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ ဘာစီလိုနာ

12:51 PM, 11 March

ပြီးခဲ့တဲ့ နွေရာသီက ဂရင်းဝုဒ်ကို ပထမအသင်းသို့ ပြန်လာခွင့်မပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကစားသမားဟာ ဂီတာဖေးတွင် အငှားကစားနေတာဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ်ကစားသမားဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီးကတည်းက ယူနိုက်တက်တွင် ကစားရခြင်း မရှိနေတာပါ။ သူ့ရဲ့စွဲချက်များနှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အားလုံးပြောင်းလဲခဲ့ကာ ကစားသမားရဲ့ပြန်လာမှုနှင့်ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဆန့်ကျင်မှုများ မရရှိမီ သူ့ကို တန်ဟက်ရဲ့လူစာရင်းမှာထည့်သွင်းဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးဟာ ဂီတာဖေးတွင် အငှားဖြင့်ကစားစဉ် အောင်မြင်မှုများရရှိခဲ့ပြီး Sport ရဲ့ဖော်ပြချက်အရ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ဘာစီလိုနာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂရင်းဝုဒ်ရဲ့ အခြေအနေကို ပိုမိုသိရှိရန် ကနဦး ချဉ်းကပ်မှု ပြုလုပ်ခဲ့သော်လည်း ယူနိုက်တက်နှင့် တရားဝင် ညှိနှိုင်းမှု တစ်စုံတစ်ရာ ပြုလုပ်ရန် မရှိသေးကြောင်း အဆိုပါဖော်ပြချက်တွင် ပါရှိပါတယ်။

ဂရင်းဝုဒ်ဟာ ယခုနွေရာသီတွင် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး ဘာစီလိုနာဟာ ကစားသမားအား လာမည့် အပြောင်းအရွှေ့ဈေးကွက်တွင် ကုန်ကျစရိတ်သက်သာစေမယ့်ရွေးချယ်မှုအဖြစ် ထည့်သွင်းစဉ်းစားထားကြောင်း သိရပါတယ်။


သို့သော်လည်း ယူနိုက်တက်ရဲ့တွဲဖက်ပိုင်ရှင်အသစ်ဖြစ်သူ ဆာဂျင်မ်ရက်ဖ်ကလစ်က ဂရင်းဝုဒ်ရဲ့ ပြန်လာနိုင်ခြေကို လုံးဝငြင်းဆိုခြင်းမလုပ်ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်တွင် တိုက်စစ်မှူးရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်အသစ်တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂီတာဖေးဥက္ကဌကတော့ ဂရင်းဝုဒ်ကို စပိန်ကလပ်တွင် နောက်ထပ်တစ်ရာသီ ဆက်ရှိနေလိုကြောင်း ပြောကြားခဲ့ပါတယ်။ "သူ့မှာ အဆင်ပြေနေပြီး အရမ်းကိုသက်တောင့်သက်သာရှိပြီး နောက်ထပ်တစ်နှစ်ဆက်နေစေချင်ပါတယ်"  "ယူနိုက်တက်ဘက်က ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ပိုင်ဆိုင်မှုအသစ်ရှိနေတာကြောင့် ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်" "စပိန်မှာ သူ့ကိုလိုချင်တဲ့သူတွေရှိနေပြီး ဘာစီလိုနာမှာ ပိုက်ဆံရှိပါတယ်။ ဘာစီလိုနာရဲ့ ကစားပုံက သူ့အတွက် အဆင်ပြေပေမယ့် ယူနိုက်တက် အပေါ်မှာပဲ မူတည်ပါတယ်" လို့ ဂီတာဖေးဥက္ကဌက ပြောထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဂရင်းဝုဒ် #ပရီးမီးယားလိဂ်