ရှေ့သို့
Image

လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဖလား ရနိုင်ချေတွေနဲ့ပတ်သက်ပြီး ခန့်မှန်းချက်ပြုလုပ်လာတဲ့ ကာရေဂါ

2:52 PM, 11 March

လီဗာပူးရဲ့ဂန္ထဝင်ကစားသမား ဂျေမီကာရေဂါက လီဗာပူးနဲ့ မန်စီးတီးတို့ အန်ဖီးလ်မှာ သရေကျပြီးနောက် ဒီနှစ်ရာသီအတွက် ပရီးမီးယားလိဂ်ဆုဖလားဟာ ခန့်မှန်းရတာ ပိုမိုခက်ခဲသွားကြောင်းနဲ့ ဘယ်အသင်းက အသာရသွားနိုင်လဲဆိုတာကို ခန့်မှန်းပြောကြားလာခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ပက်ဂွါဒီယိုလာရဲ့အသင်းကို ယမန့်နေ့ညက အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ၁-၁ ဆိုတဲ့ သရေရလဒ်သာရရှိခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့တဲ့ အသင်းက မန်စီးတီးဖြစ်ပြီး ပထမပိုင်းမှာပဲ ဂျွန်စတုန်းစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးက ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ကွင်းလယ်လူ အလက်ဆစ်မက်အလစ္စတားက ပင်နယ်တီကနေတစ်ဆင့် ပြန်လည်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ သရေကျသွားတာကြောင့် ပြီးခဲ့တဲ့အပတ်က တတိယနေရာမှာ ရပ်တည်နေခဲ့တဲ့ အာဆင်နယ်က အခုချိန်မှာတော့ ဇယားထိပ်ဆုံးကို တက်လှမ်းလာခဲ့ပြီး လီဗာပူးနဲ့အမှတ်တူ မန်စီးတီးထက် ၁ မှတ်သာ လွန်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကာရေဂါက ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုဟာ နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရဖို့ရှိတယ်လို့ ပြောကြားလာခဲ့ပါတယ်။

ကာရေဂါက “တကယ့်ပွဲကောင်း တစ်ပွဲပါပဲ။ ပရီးမီးယားလိဂ်က အံ့မခန်းပါပဲ။ နှစ်သင်းစလုံး ကိုယ့်ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူသင့်ပါတယ်။ အဆုံးမှာတော့ ကျွန်တော်က လီဗာပူးကို အနိုင်ရစေချင်ခဲ့ပေမယ့် ဒီမန်နေဂျာ ၂ ဦးစလုံးက လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်အတွင်းမှာ ကျွန်တော်တို့ကို ဘာတွေလုပ်ပြထားသလဲဆိုတာ မြင်တွေ့ခဲ့ရမှာပါ။ ဒီပွဲက အာဆင်နယ်အတွက် အခွင့်အရေးဖြစ်သွားစေပါတယ်။ အာဆင်နယ်ပရိသတ်တွေ အနေနဲ့ ဒီပွဲကို သရေပွဲဖြစ်ဖို့ မျှော်လင့်ထားကြမှာသေချာပါတယ်”

“အာဆင်နယ်အနေနဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာအနိုင်ယူပြီး ရမှတ်ရှာသင့်ပါတယ်။ မန်စီးတီးရဲ့လာမယ့် ပွဲစဉ် ၄-၅ ပွဲက ပွဲကျပ်တွေပါ။ လီဗာပူးအနေနဲ့လည်း အာဆင်နယ်ကို အနိုင်ရသင့်တယ်လို့မြင်ကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးက ရာသီပိတ်ပွဲစဉ်တွေမှာ အမှတ်ပြည့်ရဖို့ အလားအလာရှိနေလို့ပါ။ ဒါကြောင့် လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ သူတို့ အမှတ်တွေဆက်တိုက်ရနေမယ်ဆိုရင် တားဆီးဖို့ခက်ခဲလာပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်အပတ်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်တွေကြောင့် လီဗာပူး၊မန်စီးတီးနဲ့ အာဆင်နယ်တို့ ကစားရဖို့မရှိပါဘူး။ ဒါ့အပြင် နိုင်ငံတကာပွဲစဉ်တွေကြောင့် မန်စီးတီးနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ကလည်း နောက်ဆုတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဆက်လက်ပြီး ကာရေဂါက “တကယ်လို့ မန်စီးတီးသာ အာဆင်နယ်ကိုနိုင်သွားရင် သူတို့က ဖလားရဖို့ ရေပန်းအစားဆုံး ဖြစ်လာမှာပါ။ ဒါကြောင့် အာဆင်နယ်နဲ့ လီဗာပူးတို့ ဖလားရဖို့ဆိုရင် ရာသီပိတ်ပွဲစဉ် ၅ ပွဲ ၆ ပွဲလောက် မတိုင်ခင်မှာ မန်စီးတီးကို ၃-၄ မှတ်လောက် အထိ ဖြတ်တောက်ထားနိုင်ဖို့လိုပါလိမ့်မယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #အာဆင်နယ် #ကလော့ပ် #ကာရေဂါ #ပရီးမီးယားလိဂ်