ရှေ့သို့
Image

လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုက ကလော့ပ်ပေါ်မှာ တာဝန်အပြည့်အဝ ရှိနေတယ်လို့ ပြောကြားလာတဲ့ ဂယ်ရီနဗီးလ်

2:56 PM, 11 March

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးရဲ့ ဒီနှစ်ပရီးမီးယားလိဂ် ဆုဖလားအတွက် စိန်ခေါ်မှု အသင်းနည်းပြ ယာဂင်ကလော့အပေါ်မှာ တာဝန် အပြည့်အဝရှိနေကြောင်းနဲ့ ကလော့ပ်သာမရှိခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် နွေရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းပြီးနောက်မှာတော့ ၂၀၂၃-၂၄ ရာသီမှာ ဆုဖလားကို စိန်ခေါ်လာနိုင်ခဲ့တာဖြစ်ပါတယ်။  ပြိုင်ပွဲပြီးဆုံးဖို့က ၁၀ ပွဲသာ ကျန်ရှိတော့ပေမယ့် ထိပ်ဆုံး ၃ သင်းဖြစ်တဲ့ အာဆင်နယ်၊လီဗာပူးနဲ့ မန်စီးတီးတို့အကြား ရမှတ်ကွာဟချက်ဟာ ၁ မှတ်သာ ရှိနေတာဖြစ်ပါတယ်။

ယမန်နေ့ညက လီဗာပူးနဲ့မန်စီးတီးတို့က အန်ဖီးလ်မှာ ၁-၁ နဲ့သရေကျခဲ့တာကြောင့် အာဆင်နယ်က လီဗာပူးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးကို တက်လှမ်းလာခဲ့ပြီး တတိယနေရာကမန်စီးတီးကို ၁ မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ ကလော့ပ်ရဲ့အသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ပုံစံကောင်းရဖို့ရုန်းကန်နေရပေမယ့် ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့လကလည်း ချဲလ်ဆီးကို အနိုင်ယူပြီး ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ပွဲစဉ်အပြီးမှာ ဂယ်ရီနဗီးလ်က “ကျွန်တော်တို့ ရာသီအစကိုပြန်သွားကြည့်ပြီး လူတွေလီဗာပူးအကြောင်း ဘာတွေပြောခဲ့လဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။ ဒီရာသီမှာ ချန်ပီယံဖြစ်ဖို့ သူတို့မှာ အခွင့်အရေးမရှိဘူးလို့ ယူဆခဲ့မိကြမှာပါပဲ။ အခု သူတို့ ပရီးမီးယားလိဂ်ဖလားကို အနီးကပ်ဆုံး စိန်ခေါ်ထားနိုင်တာ ကလောပ့်ကြောင့်ပါပဲ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကလော့ပ်က လီဗာပူးကို ၂ ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းလောက်အထိ ပိုကောင်းစေပါတယ်။ သူက အကောင်းဆုံးခေါင်းဆောင်တွေထဲက တစ်ဦးပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နဗီးလ်က လီဗာပူးကို ဆယ်စုနှစ်တစ်ခုအတွင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားများစွာဆွတ်ခူးပေးနိုင်ခဲ့တဲ့ အသက်-၅၆ နှစ်အရွယ် ကလော့ပ်ကို မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးရဲ့ အအောင်မြင်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်တဲ့အပြင် ကလပ်ရဲ့ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

နဗီးလ်က “ကလော့ပ်က မန်နေဂျာကောင်းတစ်ယောက်ဆိုတာထက်ပိုပါတယ်။ ဘောလုံးပွဲတွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ အခြေခံကျတဲ့အရာဖြစ် အပတ်စဉ်နေရာယူထားနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးကို လီဗာပူးအတွက် လုပ်ပေးထားနိုင်တာက ကလော့ပ်ပါ။ လီဗာပူးမှာ ကလော့ပ်ရဲ့စိတ်အားထက်သန်မှုတွေနဲ့ စွမ်းဆောင်ရည်တွေကို အချိန်ပေးပြီးတွေးတောနေမယ့် ယောက်ျားမိန်းမတွေနဲ့ ကလေးသူငယ်တွေ ပါရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ကလည်း ပရိသတ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ နည်းပြပါပဲ။ ကလော့ပ်မှာလည်း ဒီလိုစွမ်းရည်မျိုးရှိနေပါတယ်။ ကျွန်တော်ကတော့ ကလော့ပ်အနေနဲ့ ရာသီကုန်မှာ ရနိုင်သမျှဖလားတွေကို သိမ်းကျုံးယူပြီး အနိုင်ပိုင်းသွားမယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ်