ရှေ့သို့
Image

ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေတဲ့ ဘာစီလိုနာ

3:51 PM, 12 March

ဘာစီလိုနာအသင်းဟာ ဂီတာဖေးမှာ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာပဲ ကမ်းလှမ်းမှုတွေပြုလုပ်လာဖို့အလားအလာရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာ ဒီကိုနဲ့ ယူနိုက်တက် အားကစားဒါရိုက်တာ ဂျွန်မာတော့ဖ်တို့ဟာ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး အနီးကပ်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က အင်္ဂလန်သားနဲ့ပတ်သက်ပြီး ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း တိုက်စစ်မှူးရဲ့အနာဂတ်အတွက် အပြီးသတ်ဆုံးဖြတ်ချက် မချရသေးပါဘူး။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ တရားစွဲခံခဲ့ရတဲ့ ကစားသမားနဲ့ပတ်သက်ပြီး အသင်းပိုင်ရှင်အသစ် ဂျင်မ်ရက်ကလစ်ဖ်ကတော့ ဆုံးဖြတ်ချက်အသစ်ကိုချမှတ်သွားမှာဖြစ်တယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီးစပိန်လာလီဂါကလပ် ဂီတာဖေးကို စတင်ရောက်ရှိလာကတည်းက ကစားသမားဟာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေကိုပြသထားနိုင်ပြီး ၈ ဂိုးအထိ သွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။

အသက်-၂၂ နှစ်အရွယ် ကစားသမားအနေနဲ့ လာမယ့်နွေရာသီမှာ မိခင်ကလပ် ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာမှာဖြစ်ပြီး ယူနိုက်တက်ဘက်ကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချရသေးတာကြောင့် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဂီတာဖေး #ဂရင်းဝုဒ် #ပရီးမီးယားလိဂ်