ရှေ့သို့
Image

စပိန်မြေမှာနေထိုင်ဖို့ အိမ်အသစ်ရှာဖွေနေတဲ့ အမ်ဘာပေ

8:26 AM, 14 March

ရီးရဲလ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် ပီအက်စ်ဂျီစတား အမ်ဘာပေတစ်ယောက် စပိန်မြေမှာနေထိုင်ဖို့ အိမ်အသစ်ရှာဖွေနေတယ်လို့ သိရပါတယ်။ အိမ်ခြံမြေစီးအီးအို မာတီနက်ဇ်ကိုယ်တိုင် ဘာပေကို စပိန်မြေမှာနေထိုင်ဖို့ ထိပ်တန်းအိမ်ခြံမြေရှာဖွေပေးနေတယ်လို့ သိရပါတယ်။

“ဒီနေရာမှာ ၂ ခုရှိနေပါတယ်။ သူက လေ့ကျင့်ခန်းဆင်းဖို့ နေရာကျယ်ကျယ်လိုချင်နေပါတယ်။ အဲ့တာက မက်ဒရစ်မှာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူက ငယ်ရွယ်တဲ့သူတစ်ဦးဖြစ်တာကြောင့် အချိန်တိုင်း စားသောက်ဆိုင်ကို ၄၅ မိနစ်လောက် ကားမောင်းသွားနေရတာကိုလည်း မကြိုက်ပါဘူး။ ကျွန်မအတွေ့အကြုံအရ ငွေကြေးက သူ့အတွက် အေးဆေးပါပဲ။ သူတို့စိတ်ကြိုက်အိမ်မတွေ့မချင်း ငှားနေမှာပါ။ ဝယ်ယူဖို့က ယူရို ၁၂ သန်းကနေ ယူရို ၁၆ သန်းကြားမှာရှိသလို ကိုယ်ဘာလိုချင်လဲအပေါ်မှာ မူတည်ပါတယ်။ ငှားတာကတော့ တစ်လကို ယူရို ၂ သောင်းခွဲကနေ ၃ သောင်းခွဲလောက်ရှိနိုင်ပါတယ်။ အိမ်မဆောက်နိုင်မချင်း သူတို့တစ်နှစ် ဒါမှမဟုတ် ၂ နှစ်လောက်နေနိုင်ပါတယ်။ မြေဝယ်ပြီး အိမ်ဆောက်တာကိုလည်း ကြိုက်ပါတယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဘာပေကို La Moraleja ဝန်းကျင်က ဇိမ်ခံအိမ်ကိုပြသထားပြီး အဆိုပါဧရိယာမှာ ဗင်နီဆီးယက်စ်လိုအသင်းဖော်တွေ နေထိုင်နေတာကြောင့် အဆင်ပြေနိုင်တာဖြစ်ပါတယ်။ ဘာပေနဲ့ ရီးရဲလ်တို့ကြား စာချုပ်အခြေအနေကို ကြေညာဖွယ်မရှိသေးပဲ အသက် ၂၅ နှစ်သားက စပိန်မြေကိုပြောင်းဖို့ သေချာသလောက်ရှိနေပါတယ်။

တစ်ချိန်တည်းမှာ ဘာပေဟာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်မှာ ဦးဆောင်နေပြီး ကွာတားဖိုင်နယ်ကို ပို့ဆောင်ထားပေးနိုင်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #အမ်ဘာပေ