စပိန်အသင်းမှာ ပါဝင်လာမယ်လို့ ယူဆခဲ့ကြသော်လည်း မော်ရိုကိုရဲ့ရွေးချယ်ခြင်းကိုခံခဲ့ရတဲ့ ဘရာဟင်မ်ဒီယက်ဇ်
3:09 PM, 14 March
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဘရာဟင်မ်ဒီယက်ဇ်ဟာ စပိန်လက်ရွေးစင်
အသင်းမှာ ပါဝင်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ယခုအခါမှာတော့
ယခုလနှောင်းပိုင်းမှာ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်တွေမှာ
မော်ရိုအသင်းအတွက် ပါဝင်ကစားဖို့ရွေးချယ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
စပိန်သတင်းစာတွေအရ
စပိန်လက်ရွေးစင်အသင်းဟာ ဒီယက်ဇ်ရဲ့ကစားပုံကို
စိတ်ဝင်စားခြင်းမရှိကြောင်းနဲ့ မော်ရိုကိုအသင်းကတော့ ကစားသမားကို
ရွေးချယ်ဖို့အတွက်ကြိုးစားနေခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ကစားသမားက
စပိန်အသင်းအစား မော်ရိုကိုအသင်းကိုသာ ပိုမိုစိတ်ဝင်စားနေပြီး စပိန်နည်းပြ
လူးဝစ်ဒီလာဖူရန်တီကလည်း ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို
လေးစားမှုရှိကြောင်းနဲ့ စပိန်အသင်းအတွက် ပါဝင်ကစားပေးလိုသူတွေကိုသာ
လူစာရင်းမှာ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီယက်ဇ်ဟာ
စပိန်လူငယ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးပြီး ဖူရန်တီရဲ့လက်အောက်မှာလည်း
အလုပ်လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ ကစားသမားဟာ ၂၀၂၁ ခုနှစ် ဇွန်လ
လစ်သူယေးနီးယားကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ
စပိန်အသင်းရဲ့ စီနီယာအသင်းမှာ ပထမဆုံးအကြိမ်ပါဝင်ခွင့်ရခဲ့ပြီး ၁ ဂိုး
သွင်းယူနိုင်ခဲ့ပါတယ်။ ထိုစဉ်က ကိုဗစ် ၁၉ ရောဂါကြောင့်
စပိန်လက်ရွေးစင်ကစားသမားအချို့ပါဝင်ခွင့်မရတာကြောင့် ယူ-၂၁ ထဲက
ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့ရတာဖြစ်ပါတယ်။
ဒီယက်ဇ်ဟာ
စပိန်အသင်း အတွက် အဓိကပြိုင်ပွဲကြီးတွေမှာ တစ်ခါမှ ပါဝင်ကစားခဲ့ဖူးခြင်း
မရှိသော်လည်း တစ်ချိန်ချိန်မှာတော့ လက်ရွေးစင်အသင်းမှာ နေရာရလာတော့မယ်လို့
ထင်ကြေးပေးခံထားရတာဖြစ်ပါတယ်။ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက်
ခြေစွမ်းကောင်းတွေတောက်လျှောက်ပြသထားနိုင်ပြီး အရေးပါတဲ့ ကစားသမားအဖြစ်
ရပ်တည်ထားနိုင်တာကြောင့် လာမယ့်ခြေစမ်းပွဲတွေမှာ စပိန်အသင်းအတွက်
ရွေးချယ်ခံရမယ်လို့ ယူဆခဲ့ကြပေမယ့် အခုချိန်မှာတော့ ကစားသမားဟာ မော်ရိုကို
အသင်းအတွက်သာ ပါဝင်ကစားသွားတော့မှာဖြစ်ပါတယ်။
စီနီယာကစားသမားဘဝကို
မန်စီးတီးမှာစတင်ခဲ့တဲ့ ဒီယက်ဇ်ဟာ ၂၀၁၉ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်ကို
ရောက်ရှိလာခဲ့ပြီး ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အထိ အေစီမီလန်မှာ
ကာလရှည်အငှားစာချုပ်နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂
ကာတာကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း အဆင့်မှာ မော်ရိုကိုအသင်းဟာ
စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာအနိုင်ယူပြီး ကွာတားဖိုင်နယ်ကို
တက်ရောက်နိုင်ခဲ့ပါတယ်။