ရှေ့သို့
Image

ယူရို ၂၀၂၄ အတွက် အင်္ဂလန်လူစာရင်းမှာ ပါဝင်နိုင်မှာမဟုတ်တဲ့ ဂရင်းဝုဒ်

1:51 PM, 17 March

မန်ချက်စတာယူနိုက်တက်ကနေ စပိန်လာလီဂါကလပ် ဂီတာဖေးမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ 

ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို လာမယ့် နွေရာသီမှာ အပြီးသတ်ရောင်းချသွားမယ်လို့ ကောလဟာလတွေထွက်ပေါ်နေပြီး လာလီဂါထိပ်သီးကလပ်တွေကလည်း ကစားသမားကို စောင့်ကြည့်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ကစားသမားကိုခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေအရှိဆုံးအသင်းက အက်သလက်တီကိုမက်ဒရစ်ဖြစ်ပြီး ယူနိုက်တက်ဘက်ကလက်ရှိသတ်မှတ်ထားတဲ့ ဈေးနှုန်း ပေါင်သန်း ၅၀ ကိုလျှော့ချဖို့ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ ခေါ်ယူဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ရဲ့နိုင်ငံတကာကစားသမားဘဝ အနာဂတ်ဟာ ယခုနှစ်နှောင်ပိုင်းမှာ အပြောင်းအလဲရှိနိုင်သော်လည်း နွေရာသီမှာကျင်းပမယ့် ၂၀၂၄ ဂျာမနီယူရိုပြိုင်ပွဲမှာတော့ ဂါရတ်ဆောက်ဂိတ်အနေနဲ့ ဂရင်းဝုဒ်ကို ထည့်သွင်းစဉ်းစားသွားမှာမဟုတ်ပါဘူး။ ဆောက်ဂိတ်ဟာ တိုက်စစ်ကစားသမားကို ၂၀၂၀ ခုနှစ်ကနေစတင်ပြီး အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့စီစဉ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး ချန်လှပ်ဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဆောက်ဂိတ်အနေနဲ့ ဂရင်းဝုဒ်ရဲ့ပြဿနာက အသင်းအတွက် အနှောင့်အယှက်ဖြစ်လာနိုင်တယ်လို့ယူဆခဲ့သော်လည်း လက်ရှိအချိန်မှာတော့ အင်္ဂလန်အသင်းဟာ အခြားရွေးချယ်စရာ ကစားသမားတွေ အများအပြားပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 


#လာလီဂါ #ဂီတာဖေး #ဂရင်းဝုဒ်