ရှေ့သို့
Image

နယူးကာဆယ်နဲ့ပွဲစဉ်အတွက် အနိုင်ဂိုးရှင် ဘာနာဒိုဆေးလ်ဗားကို အသင်းမှာ ဆက်ရှိနေပေးဖို့ တောင်းဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

3:10 PM, 17 March

ယမန်နေ့ညပိုင်း၊ နယူးကာဆယ်ကို အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားဟာ လူတိုင်းရဲ့ချစ်ခင်မှုကို ရရှိထားတယ်လို့ ပြောဆိုပြီး အသင်းမှာဆက်နေဖို့ တိုက်တွန်းလိုက်ပါတယ်။

အီတီဟတ်ကွင်းမှာ နယူးကာဆယ်ကို နှစ်ဂိုးပြတ်အနိုင်ရရှိပြီးနောက် အက်ဖ်အေဖလားလက်ရှိချန်ပီယံတွေက အခုရာသီ၊ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘာနာဒိုဆေးလ်ဗားရဲ့သွင်းဂိုးနှစ်ဂိုးက ပွဲရလဒ်ပိုင်းကို အဆုံးအဖြတ်ဖြစ်စေခဲ့ပြီး လာမယ့်နွေရာသီကာလ၊ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ကို မန်ချက်စတာမြေမှာဆက်ရှိနေပေးဖို့ နည်းပြဂွါဒီယိုလာက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အခုပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက "ဒီကလပ်အသင်းမှာ ထူးခြားမှုတစ်ခုရှိပါတယ်။ ဒါက မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော်တို့က နောက်ဆုံးအဆင့်ဗိုလ်လုပွဲတွေမှာ အနိုင်ရရှိဖို့ကစားနေတယ်ဆိုတာ ကျွန်တော်သိရှိပြီးသားပါ။ ဒါပေမယ့် အဲ့ဒီလိုအနိုင်ကစားချင်တယ်ဆိုရင် အစောပိုင်းအဆင့်ပွဲစဉ်တွေမှာ အနိုင်ရရှိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကာရာဘောင်ဖလားလေးကြိမ်ဆက် အနိုင်ရရှိခဲ့သလို အခုဆိုရင် အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်ဆီ ခြောက်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပါပြီ။ ကွင်းထဲမှာ ကစားသမားတွေရဲ့ ပြေးလွှားကစားနေပုံက မယုံကြည်နိုင်စရာကောင်းပြီး အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ဒါမျိုး အရင်က ဘယ်သူမှ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပြိုင်ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရိုဒရီ၊ ကိုဗာဆစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က ဘောလုံးကို အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပွဲက အရမ်းကောင်းပါတယ်။ ဒါကို ကျွန်တော်တို့သုံးရက်တစ်ကြိမ်ကစားရတဲ့ပွဲစဉ်တိုင်းမှာ ခင်ဗျားတို့လည်း မြင်တွေ့ကြရပါလိမ့်မယ်"လို့ ပြောပါတယ်။

ဆက်လက်ပြီး ဘာနာဒိုဆေးလ်ဗားနဲ့ပတ်သက်လို့ ပက်က "လူတိုင်းက သူ့ကိုချစ်ကြပြီး ကျွန်တော်တို့ သူကို လိုအပ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ သူဆက်ရှိနေပေးဖို့ တကယ့်ကို အရေးကြီးပါတယ်"လို့ ဆိုပါတယ်။

ဂွါဒီယိုလာရဲ့အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆွတ်ခူးနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားချန်ပီယံဆုတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုလားနေပါတယ်။ ဒီလိုအောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားချင်တယ်ဆိုရင် ၂၀၂၆ ခုနှစ်အထိ မန်စီးတီးနဲ့ စာချူပ်သက်တမ်းရှိနေတဲ့ ဘာနာဒိုဆေးလ်ဗားလို ကစားသမားမျိုး အသင်းမှာဆက်ရှိနေဖို့က အဓိကအချက် ဖြစ်လာပါလိမ့်မယ်။ အတိတ်မှာ သူ့ကိုခေါ်ယူနိုင်ဖို့ လီဂူးဝမ်းအင်အားကြီးပီအက်စ်ဂျီက ချိတ်ဆက်ခဲ့ဖူးပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအတွက် နောက်ထပ်ပွဲစဉ်ကတော့ သူ့တို့ထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားဦးဆောင်နေတဲ့ အာဆင်နယ်ကို မတ် ၃၁ ရက်၊ အိမ်ကွင်းမှာ ဧည့်ခံရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက လာမယ့်ဧပြီလနှောင်းပိုင်း၊ ဝင်ဘာလေကွင်းမှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

#မန်စီးတီး #ဘာနာဒို #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်