ရှေ့သို့
Image

တံကောက်ကြော ပြဿနာကြောင့် ဥရုဂွေးအသင်းလူစာရင်းမှ နုတ်ထွက်လိုက်တဲ့ ဒါဝင်နူနက်ဇ်

9:54 AM, 19 March

မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီးနောက် ဒါဝင်နူနက်ဇ်က ဥရုဂွေးအသင်း လူစာရင်းမှ နုတ်ထွက်သွားပါတယ်။

ဥရုဂွေးလက်ရွေးစင်အသင်းက မတ် ၂၄ ရက်မှာ Basque Country အသင်းနဲ့ ခြေစမ်းပွဲစဉ်ကစားပြီးနောက် သုံးရက်အကြာမှာ အိုင်ဗရီကို့စ်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ရှိပေမယ့် ဒါဝင်နူနက်ဇ်ကတော့ ပါဝင်ကစားပေးနိုင်စရာ မရှိပါဘူး။ တိုက်စစ်မှူးက လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်ကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် မိနစ် ၁၂၀ အပြည့် ပါဝင်ကစားခဲ့ပြီး အခုရှုံးပွဲနဲ့အတူ အသင်းရဲ့ဖလားလေးလုံးအောင်မြင်မှုမျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။

နူနက်ဇ်ရဲ့ဒဏ်ရာက ပြင်းထန်ဒဏ်ရာမျိုး မဟုတ်ပေမယ့် လီဗာပူးနဲ့ ဥရုဂွေးလက်ရွေးစင်အသင်းတို့ကတော့ သူ့ကို သီတင်းပတ်နှစ်ခုစာလောက် အနားပေးသွားဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါကြောင့် ဒါဝင်နူနက်ဇ်အနေဖြင့် မတ် ၃၁ ရက်၊ ဘရိုက်တန်ကို ဧည့်ခံကစားရမယ့် လီဗာပူးရဲ့ ပရီးမီယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီပွဲစဉ်အပြီး လီဗာပူးက ရှက်ဖီးလ်ယူနိုက်တက်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။ ဒီနောက်မှာတော့ ဒါဝင်နူနက်ဇ်ရဲ့အသင်းက စီးရီးအေကလပ်အတ္တလန္တာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ဆင်နွှဲရပါမယ်။

အိုးထရက်ဖို့ဒ်ရှုံးပွဲအပြီး လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့ အတည်ပြုပြောဆိုပါတယ်။

သူက “အခုဆိုရင် ကောင်လေးတွေက နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ သွားရပါမယ်။ ကျွန်တော်တို့ကတော့ သူတို့တွေ ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီယက်ဇ်က ပေါင်ခြံဒဏ်ရာ၊ ဒါဝင်နူနက်ဇ်ကတော့ တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရပါတယ်။ ဂတ်ပိုလည်း သူ့ရဲ့ခြေကျင်းဝတ်မှာ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းရဲ့ရာသီ လက်ကျန်ပွဲစဉ်တွေနဲ့ အလုပ်ရှုပ်စရာနွေရာသီကာလတွေမှာ ဒါဝင်နူနက်ဇ်က ကြီးကြီးမားမားပါဝင်ပတ်သက်ရဖို့ ရှိပါတယ်။ လာမယ့် နွေရာသီကာလမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဥရုဂွေးအသင်းက ပါဝင်ဆင်နွှဲသွားပါလိမ့်မယ်။

ဘီယဲလ်ဆာရဲ့အသင်းက ဇွန် ၂၄ ရက်၊ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဘိုလီဗီးယား၊ အမေရိကန်တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။ ဥရုဂွေးက ကိုပါအမေရိကဖလားကို ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့ပြီး နောက်ပိုင်းပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်ထက် ကျော်လွန်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

#ဥရုဂွေး #ဒါဝင်နူနက်ဇ်