ရှေ့သို့
Image

ပီပီက ရီးရဲလ်မက်ဒရစ်ကိုလာဖို့ တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာ ပရိသတ်ပါလို့ တုံ့ပြန်ခဲ့ဖူးတဲ့ ကန်ဆယ်လို

1:31 PM, 19 March

မန်ချက်စတာစီးတီးကနေ ဘာစီလိုနာကို အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ ဂျိုအိုကန်ဆယ်လိုက သူ့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းဖော် ပီပီက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာသို့သာ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ကန်ဆယ်လိုက “ပီပီက ကျွန်တော့်ကိုပြောတယ်။ မင်းက ရီးရဲလ်မက်ဒရစ်နဲ့ဆို ကွက်တိပဲတဲ့။ ကျွန်တော်ကလည်း ကျွန်တော်က ဘာစီလိုနာပရိသတ်တစ်ယောက်ဆိုတဲ့ အကြောင်းကို ပြန်ပြောခဲ့လိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နောက်ခံလူပီပီဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး ပေါ်တူဂီလက်ရွေးစင် အသင်းမှာလည်း ကန်ဆယ်လိုနဲ့အတူ ကာလရှည် လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။

ဆက်လက်ပြီး ကွင်းလယ်လူက “ကျွန်တော် ဘာစီလိုနာမှာရှိနေတာ အရမ်းဝမ်းသာပါတယ်။ ဒီအသင်းက ကျွန်တော်အမြဲတမ်းကစားချင်ခဲ့တဲ့ အသင်းပါ။ ဘင်ဖီကာပြီးရင် ကျွန်တော့်အကြိုက်ဆုံးအသင်းက ဘာစီလိုနာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကန်ဆယ်လိုက ပေါ်တူဂီ လက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်နဲ့ ပတ်သက်ပြီး “သူက ခေတ်မီနည်းပြတစ်ယောက်ဖြစ်ပြီး တိုက်စစ်ဆင်ကစားရတာကို ပိုနှစ်သက်ပါတယ်။ သူက ကျွန်တော့်ကို လွတ်လပ်ခွင့်တွေလည်း အများကြီးပေးထားပါတယ်။ အသင်းရဲ့ကစားသမားတိုင်းကိုလည်း ကောင်းကောင်းသိပြီး အခုချိန်မှာတော့ သူပေါ်တူဂီစကားလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေပါပြီ။ ကျွန်တော်တို့ အုပ်စုမှာပထမရခဲ့ပါတယ်။ ဒါကအရေးကြီးတဲ့အချက်တစ်ခုပါ” လို့ ပြောပါတယ်။

နောက်ဆုံး အနေနဲ့ အသင်းရဲ့စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ကန်ဆယ်လိုက “သူက အရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ဘောလုံးသမားတစ်ယောက်ရဲ့ အကောင်းဆုံး အချိန်က အသက်-၂၅ နဲ့ ၃၂ နှစ်ကြားပါ။ ကျွန်တော်တို့ သူ့အပေါ် အများကြီးမမှီခိုပါဘူး” လို့ပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #ပီပီ #ရီးရဲလ်မက်ဒရစ် #ကန်ဆယ်လို