ရှေ့သို့
Image

နွေရာသီမှာ မန်စီးတီးသို့ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုလာတဲ့ ပါကွီတာ

2:19 PM, 21 March

ဝက်စ်ဟမ်းကွင်းလယ်လူ လူးကပ်စ်ပါကွီတာက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာပြီး မန်ချက်စတာစီးတီးသို့ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ကွင်းလယ်လူဟာ ရာသီကုန်မှာပဲ အသင်းကနေ ထွက်ခွာပြီး ဥရောပနဲ့ အင်္ဂလိပ်ဘောလုံးလောကရဲ့ လက်ရှိချန်ပီယံအသင်းထံကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားတာဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာကတည်းက မန်စီးတီးသို့ရောက်ရှိမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး ဘောလုံးလောင်းကစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုတွေခံရပြီးနောက်မှာတော့ အပြောင်းအရွှေ့သတင်းက အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့စိတ်ဝင်စားမှုကို ခံနေရတာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ရာ ပါကွီတာက “ဝက်စ်ဟမ်းကို ကျွန်တော် အရမ်းလေးစားပါတယ်။ ကျွန်တော် ဒီမှာ အရမ်းကောင်းတဲ့ ရာသီတစ်ခုပိုင်ဆိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ်တက်လမ်းကို အများကြီး အထောက်အကူပြုပါတယ်။ ကျွန်တော် ဝက်စ်ဟမ်းကိုလေးစားပါတယ်။ အခုချိန်မှာတော့ ကိုယ့်အလုပ်ကိုယ်ပဲအာရုံစိုက်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ရာသီကုန်မှာ ကစားသမားကို ခေါ်ယူဖို့ ကြိုးစားမှုတွေပြုလုပ်လာနိုင်ပြီး ကမ်းလှမ်းမှုတွေ ရှိလာနိုင်သော်လည်း ကစားသမားအပေါ် အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှု ရလဒ်တွေကိုစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး ပါကွီတာက “ဒီပြဿနာဖြစ်နေတာ ၇ လလောက်ရှိနေပါပြီ။ ကျွန်တော့်အစွမ်းရှိသလောက်တော့ ဒီကိစ္စကိုအမြန်ဆုံးပြီးပြတ်ဖို့ ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လကတည်းက စုံစမ်းစစ်ဆေးမှုတွေနဲ့ စတင်ကြုံတွေ့ခဲ့ရသော်လည်း လိုင်ယွန်ကစားသမားဟောင်းဟာ ဒီရာသီမှာ ဝက်စ်ဟမ်းရဲ့ အဓိကကွင်းလယ်လူ တစ်ယောက်အဖြစ် ခြေစွမ်းပြသထားနိုင်တာဖြစ်ပါတယ်။ ပါကွီတာဟာ ၂၀၂၃ ခုနှစ်နွေရာသီတည်းက ဘရာဇီးလက်ရွေးစင်အသင်းမှာ ပါဝင်ထားခြင်းမရှိသော်လည်း မကြာမီ အင်္ဂလန်နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်မှာတော့ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ပါကွီတာ