ရှေ့သို့
Image

ချဲလ်ဆီးကို ပြောင်းဖို့ ဘယ်လောက်အထိနီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အယ်လ်ဗာရက်

8:56 AM, 22 March

ဝက်စ်ဟမ်းအသင်းကို မပြောင်းခင် အက်ဒီဆင်အယ်လ်ဗာရက်က သူ့အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မက္ကဆီကန်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အေဂျက်အသင်းထံကနေ ပေါင် ၃၅ သန်းနဲ့ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၁ နှစ်က အယ်လ်ဗာရက်တစ်ယောက် ချဲလ်ဆီးကို ပြောင်းဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ အယ်လ်ဗာရက်က သူ့အနေနဲ့ အပြောင်းအရွှေ့မပျက်ခင် လေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အေဂျက်မှာ ရှိနေတုန်းက ကျွန်တော်ချဲလ်ဆီးထံ ပြောင်းဖို့ လေဆိပ်မှာတောင် စောင့်ဆိုင်းခဲ့တာပါ။ လူတွေယုံလား မယုံလားတော့မသိပေမယ့် ကျွန်တော်ရေးကြီးခွင်ကျယ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော် အမှန်အတိုင်းပြောတာပါ။ ချဲလ်ဆီးကိုပြောင်းဖို့ တော်တော်လေးနီးစပ်ခဲ့တာပါ။ အေဂျက်က ပြန်ပြောလာချိန်မှသာ ကျွန်တော် မထွက်ခွာရဘူးဆိုတာ သိခဲ့ရတာပါ”လို့ အယ်လ်ဗာရက်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အယ်လ်ဗာရက်ကို မခေါ်ယူနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို ရောင်းချအပြီးမှာ ခေါ်ယူခဲ့ပါတယ်။ ဒီရာသီမှာ အယ်လ်ဗာရက်ဟာ ဝက်စ်ဟမ်းအတွက် ၃၅ ပွဲအထိ ပါဝင်ကစားထားပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပါတယ်။

အယ်လ်ဗာရက်ရဲ့အေးဂျင့်ဖြစ်သူ နသန်က “ချဲလ်ဆီးက တကယ်အလိုရှိခဲ့တာပါ။ သူတို့ အယ်လ်ဗာရက်ကို ခေါ်ယူနိုင်ဖို့ အရာအားလုံးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အေဂျက်မှာက အစားထိုးမယ့်ကစားသမားအဆင်သင့်ဖြစ်မနေပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့က အဆင်မပြေခဲ့တာဖြစ်သလို ချန်ပီယံလိဂ်ကလည်း အရေးကြီးနေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဇန်နဝါရီမတိုင်ခင်အထိ စောင့်ဆိုင်းခဲ့ပေမယ့် အဆုံးသတ်မှာ အန်ဇိုကို ပေါင် ၁၀၆ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။  အဲ့နောက် ၂၀၂၃ မှာ ကိုင်စီဒိုကို ဘရိုက်တန်အသင်းထံကနေ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #အယ်လ်ဗာရက်