ရှေ့သို့
Image

အင်္ဂလန်ကစားသမားတွေက ဆောက်ဂိတ်ကို ၂၀၂၆ကမ္ဘာ့ဖလားအထိ အသင်းမှာ ဆက်ရှိစေလိုတယ်လို့ အခိုင်အမာပြောကြားလာတဲ့ မက်ဂွါရီ

1:56 PM, 22 March

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဟယ်ရီမက်ဂွါရီက အင်္ဂလန်အသင်းရဲ့ ကစားသမားတွေဟာ လက်ရှိနည်းပြ ဂါရတ်ဆောက်ဂိတ်ကို ထောက်ခံကြပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိအသင်းမှာ ဆက်လက်ကိုင်တွယ်စေလိုနေတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အသက်-၅၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လာမယ့် ဒီဇင်ဘာလမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ယခုနွေရာသီ ယူရိုပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံး ကိုင်တွယ်မှုဖြစ်နိုင်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကလပ်အဆင့် ယူနိုက်တက်မှာ ပုံမှန်နေရာမရပေမယ့် ဆောက်ဂိတ်ရဲ့ဖေးမမှုတွေနဲ့အတူ အင်္ဂလန်အသင်းအတွက် ပုံမှန်ကစားခွင့်ရနေတဲ့ နောက်ခံလူမက်ဂွါရီက သူ့ရဲ့နိုင်ငံ့အသင်းနည်းပြကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မက်ဂွါရီက "ကျွန်တော်တို့သူ့ကို အသင်းမှာ ဆက်နေစေချင်ပါတယ်။ ကျွန်တော်တို့ကြားမှာလည်း အရမ်းကောင်းတဲ့ဆက်ဆံရေးတစ်ခုရှိပါတယ်။ ကျွန်တော်ကလည်း အသင်းရဲ့အောင်မြင်မှုတွေမှာ အရေးပါတဲ့ အပိုင်းကဏ္ဍကနေ ကြီးကြီးမားမားပါဝင်ထားနိုင်ပြီး အင်္ဂလန်ကလည်း နိုင်ငံရဲ့တိုးတက်တဲ့အရည်အချင်းကို ပြသထားပြီးသားပါ။ သူကလည်း ကျွန်တော်အခုပြောသလိုပဲပြောမှာပါ။ ကျွန်တော်တို့ ဆုဖလားအတွက် ကြိုးစားနေပါတယ်" "ယူရိုအပြီးမှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်မသိသေးပါဘူး။ သူကတော့ သိကောင်းသိပါလိမ့်မယ်။ ဒါပေမယ့် သူလုပ်ပြထားတဲ့အရာတွေကို ကျွန်တော် ခံစားလို့ရပါတယ်။ အသင်းကို စတင်ကိုင်တွယ်ချိန်ကနေ အခုချိန်အထိ သူအလုပ်အများကြီး ကြိုးစားထားတာပါ။ ဂါရတ်က ကျွန်တော်တို့အတွက် အောင်မြင်မှုတွေယူဆောင်ပေးမယ့် လူတစ်ယောက်ဖြစ်သလို ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာ တတ်နိုင်သလောက်ကြာကြာရှိစေချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

မက်ဂွါရီရဲ့ချီးကျူးပြောဆိုမှုတွေက ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်ကို လာမယ်ယူရိုမှာ ဆီမီးဖိုင်နယ်အထိသာ ပို့ဆောင်နိုင်မယ်လို့ ယူဆနေကြတဲ့ ပရိသတ်တွေအတွက်တော့ လက်ခံနိုင်စရာဖြစ်မှာမဟုတ်ပါဘူး။

သို့သော်လည်း နောက်ခံလူက ဆက်လက်ပြီး "ဂါရတ်ဟာ ကစားသမားတွေရဲ့ လေးစားမှုနဲ့ အသိအမှတ်ပြုမှုကို အပြည့်အဝရရှိထားတဲ့နည်းပြတစ်ယောက်ပါ။ အင်္ဂလန်ရဲ့ မန်နေဂျာဖြစ်ရတာ အရမ်းခက်ပါတယ်။ ကစားသမားစီစစ်ရွေးချယ်မှုအပိုင်းမှာ တစ်ခုခုမှားယွင်းခဲ့ရင် ပုံကြီးချဲ့ပြီး အပြောခံရလေ့ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူစတင်တာဝန်ယူခဲ့တဲ့အချိန်နဲ့အခုချိန်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကွာခြားမှုကို မြင်နိုင်ပါတယ်။ သူက ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပြီး လက်ရှိရာထူးနဲ့ ထိုက်တန်တဲ့ နည်းပြပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #မက်ဂွါရီ