ရှေ့သို့
Image

နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ အဆုံးသတ်ဖို့ စဉ်းစားခဲ့ဖူးတဲ့ ဆွန်ဟောင်မင်

3:31 PM, 22 March

ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြင့် အဆုံးသတ်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ အာရှဖလားခရီးစဉ်အပြီး နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ စဉ်းစားခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ ပရိသတ်တွေ အတွက် ဆက်လက်ရပ်တည်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆွန်ဟောင်မင်က ပြောပါတယ်။

ပြီးခဲ့တဲ့လ၊ ဂျော်ဒန်ကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ချက်ချင်းဆိုသလိုပဲ တော့တင်ဟမ်အသင်းခေါင်းဆောင်က သူ့ရဲ့နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝနဲ့ ပတ်သက်လို့ သံသယတွေ ရှိလာခဲ့ပြီလို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့သတင်းတွေအရ ဂျော်ဒန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် အသက်-၃၁ နှစ်အရွယ် တောင်ကိုရီးယားကပ္ပတိန်ဟာ လက်ရွေးစင်အသင်းဖော် လီကန်အင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီး လက်ချောင်းအဆစ်လွဲဝေဒနာ ရရှိလာကာ ပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနောက်မှာတော့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က ကလင်းစမန်းကို အသင်းနည်းပြတာဝန်မှ ဖယ်ရှားခဲ့ပါတယ်။ ၆၄ နှစ် အတွင်း တောင်ကိုရီးယားရဲ့ ပထမဆုံး အာရှဖလား အောင်ပွဲကို ရယူပေးမယ်လို့ ကတိပြုခဲ့ဖူးတဲ့ ကလင်းစမန်းက တစ်နှစ်လောက်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ရာထူးမှ ထွက်ခွာခဲ့ရပါတယ်။

ယမန်နေ့(ကြာသပတေးနေ့)ညနေပိုင်း၊ အိမ်ကွင်းမှာ ထိုင်းအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျပြီးနောက် ဆွန်ဟောင်မင်က “နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခြင်းက ကျွန်တော်နဲ့ ပရိသတ်တွေအကြား ကတိကဝတ်တစ်ခုပါပဲ။ ဒီအတွက် ကျွန်တော် အပြည့်အဝဂုဏ်ယူသွားချင်ပါတယ်။ ကျွန်တော်ကတော့ ခေါင်းကိုငုံ့ထားပြီး ပြင်းပြင်းထန်ထန်ကြိုးစားကစားသွားပါမယ်။ သန်မာသူတစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာနိုင်မယ်လို့ မျှော်လင့်ထားလို့ လက်ရွေးစင်ကစားသမားဘ၀ နုတ်ထွက်ဖို့ကိစ္စ စဉ်းစားဖို့ဆိုတာ ဘယ်တော့မှရှိလာတော့မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ဆွန်ဟောင်မင်က တစ်နိုင်ငံတည်းသား၊ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပက်ဂျီဆန်ထံမှ အကြံဉာဏ်ရယူခဲ့ရတယ်လို့ အခိုင်အမာပြောပြလာပါတယ်။

ဆက်လက်ပြီး သူက “နိုင်ငံလက်ရွေးစင်အသင်း အတွက် ကစားပေးရလို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်ပျက်ငြိုငြင်ရတာမျိုး မရှိဘူးဆိုတာ အာမခံပါတယ်။ ကျွန်တော်ကိုယ်တိုင် အချိန်တိုင်း ကျေနပ်ဂုဏ်ယူူနေခဲ့ရတာပါ။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိလိုက်ချိန်မှာတော့ လက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်သင့်ပြီလို့ ကျွန်တော် တွေးမိခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆွန်ဟောင်မင်က ယမန်နေ့ညနေပိုင်း ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲချိန်မပြီးဆုံးခင် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ ၄၅ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန်အတွင်း ထိုင်းအသင်းက ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။

ဒီနှစ်သင်းက လာမယ့်အင်္ဂါနေ့၊ ဘန်ကောက်မြို့မှာ ပြန်လည်ရင်ဆိုင်ရဖို့ရှိနေပြီး ရလဒ်ကောင်းရယူနိုင်မယ်ဆိုရင် တောင်ကိုရီးယား အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ နီးစပ်သွားပါလိမ့်မယ်။

#ဆွန်ဟောင်မင်