ရှေ့သို့
Image

ယူနိုက်တက်မှာ ဘယ်လင်ဟမ်ရှိပြီးသားပါလို့ ပြောဆိုလိုက်တဲ့ မက်ဂွါရီ

3:40 PM, 22 March

မန်ချက်စတာယူနိုက်တက်ခံစစ်မှူး ဟယ်ရီမက်ဂွါရီက အသက်-၁၈ နှစ်အရွယ် ကစားသမားမိုင်နူးကို အင်္ဂလန်ရဲ့ဘယ်လင်ဟမ်လက်သစ် ဖြစ်လာမယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း မန်ချက်စတာယူနိုက်တက်စီနီယာအသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားခွင့်ရရှိခဲ့တဲ့ မိုင်နူးက အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ဆိုသလို ပြသထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် လီဗာပူးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂါရတ်ဆောက်ဂိတ်ရဲ့အတွေးတွေထဲ ယူနိုက်တက်ကြယ်ပွင့်လည်း ရောက်ရှိသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ လူငယ်ကြယ်ပွင့်ကို အနီးကပ်စောင့်ကြည့်နေတဲ့ မက်ဂွါရီက ရီးရဲလ်ကြယ်ပွင့်ဘယ်လင်ဟမ်နဲ့ မိုင်နူးတို့ကို နှိုင်းယှဉ်သုံးသပ်လိုက်ပါတယ်။

မိုင်နူးက စီနီယာလက်ရွေးစင်အဆင့်ပွဲစဉ်တွေဆီ တက်လှမ်းနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုပြီး မေးမြန်းလာမှုကို မက်ဂွါရီက “မဖြစ်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ အဓိကပြိုင်ပွဲကြီးတွေကို ဝင်ရောက်ဆင်နွှဲဖို့ဆိုတာ အတွေ့အကြုံပိုင်းက အလွန်အရေးကြီးပေမယ့် တခါတလေမှာ ကောင်လေးတွေ ဝင်ရောက်လာပြီး အကြောက်အလန့်မရှိ၊ ထူးထူးချွန်ချွန်ကစားနိုင်ကြပါတယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျွန်တော် မစိုးရိမ်ပါဘူး။ ၁၈ နှစ်ပဲ ရှိသေးတဲ့ မိုင်နူးကတော့ လက်ဖျားခါလောက်စရာဖြစ်ပြီး ရင့်ကျက်မှုလည်း ရှိနေပါပြီ။ မိုင်နူးက ဘယ်လင်ဟမ်ငယ်ငယ်တုန်းကအချိန်တွေနဲ့တောင် အတော်လေးဆင်တူပါတယ်။ သူ့မှာ ရင့်ကျက်တဲ့ အတွေးအခေါ်တွေ ရှိနှင့်နေပါပြီ။ ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့စွမ်းရည်တွေကို ကျွန်တော် နေ့စဉ်နှင့်အမျှ တွေ့ဖူးခဲ့ပြီးပါပြီ။ မိုင်နူးက အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားချင်သလို အကောင်းဆုံးလုပ်ချင်နေသူပါ။ သူ့ကို ဂုဏ်ပြုပါတယ်။ သူနဲ့ ထိုက်တန်တဲ့အရာကို ရရှိခဲ့ပြီး ဒါကို ဆက်ထိန်းထားဖို့ပဲ ပြောချင်ပါတယ်။ ကောင်လေးတော့ အတော်လေးပျော်ရွှင်နေလိမ့်မယ်ဆိုတာ သေချာပါတယ်”

“မိုင်နူးမှာ အရာအားလုံးရှိသလို ဘောလုံးကို ရဲရဲဝံ့ဝံ့ကိုင်တွယ်နိုင်စွမ်းလည်း ရှိပါတယ်။ သူက အရမ်းသန်မာပြီး အစွမ်းထက်သူတစ်ဦးပါ။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်ရဲ့ အခုလိုကဏ္ဍမျိုးမှာ ကစားဖို့ တိုးတက်မှုတွေကို ခင်ဗျားတို့ မြင်တွေ့နိုင်ကြပါလိမ့်မယ်။ နားထောင်ပါ၊ အခု ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဗဟိုကွင်းလယ်ကစားသမားကောင်းတွေ ရှိပါတယ်။ ကစားသမားအများစုလည်း ဒီနေရာအထိ အရောက်လာပြီး အကောင်းဆုံးလုပ်ပြထားသလို အဓိကမေဂျာပြိုင်ပွဲကြီးတွေမှာ သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းကို ပြသပြီးခဲ့ပါပြီ။ မိုင်နူးလည်း အလုပ်ကိုဆက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင် အခုလိုမျိုးတွေ လုပ်ပြနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုင်နူးက အရမ်းကောင်းတဲ့ကောင်လေးတစ်ဦး ဖြစ်နေလို့ပါ။ သူနဲ့ သူ့မိသားစုအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေပါပဲ။ ဘယ်အထိ ဆက်သွားနိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မက်ဂွါရီက လီဗာပူးကို အနိုင်ရရှိတဲ့ အက်ဖ်အေဖလား ပွဲစဉ်က ယူနိုက်တက်အတွက် လက်ကျန်ပွဲစဉ်တွေကို အရှိန်အဟုန်အပြည့် ဖြတ်သန်းနိုင်ရေး အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

သူက “ကျွန်တော်တို့အတွက် ခက်ခဲတဲ့ဘောလုံးရာသီဆိုတာ ထင်ရှားပါတယ်။ ပရီးမီးယားလိဂ်မှာတော့ သိပ်မဆိုးလှပါဘူး။ ဒါပေမယ့် အခုထက်တောင် ပိုကောင်းနေသင့်ပါတယ်။ ရိုးရီုးသားသားပြောရရင် ဘောလုံးရာသီ တစ်ခုရဲ့နှောင်းပိုင်းကာလရောက်ရှိလာချိန်မှာ ကျွန်တော်တို့ရဲ့အထက်မှာ ရပ်တည်နေတဲ့ အသင်း ငါးခုတောင် ရှိပါတယ်။ ဒဏ်ရာပြဿနာတွေ အများကြီးကြုံခဲ့ရပေမယ့် အခြားအသင်းတွေမှာလည်း ဒီလိုပဲ ဒဏ်ရာပြဿနာတွေ ရှိနေကြပါတယ်။ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာ စိတ်ပျက်စရာဖြစ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အလားတူ စိတ်ပျက်ခဲ့ရပါတယ်”

“ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် အနီကတ်ပြစ်ဒဏ်နှစ်ကြောင့်ပဲ အရာရာတိုင်းခြားနားသွားပြီး ပေးဆပ်မှု ကြီးမားသွားခဲ့ပါတယ်။ ဒါကြောင့် အက်ဖ်အေဖလား ပြိုင်ပွဲမှာ အကောင်းဆုံး ရှေ့ဆက်နေဖို့ အရေးကြီးသလို လီဗာပူးကို အနိုင်ရရှိမှုကလည်း ကြီးမားတဲ့ ရလဒ်ပိုင်းဖြစ်ပါတယ်။ ဒီရာသီမှာ တစ်ခုခုဆွတ်ခူးနိုင်မယ့် အခွင့်အရေးရှိနေဆဲပဲဆိုတဲ့ ယုံကြည်ချက်ကို ဆက်ထိန်းထားနိုင်ဖို့ လီဗာပူးကို အနိုင်ရရှိမှုက ကျွန်တော်တို့အတွက် ကြီးမားတဲ့နိုင်ပွဲပါ။ အဲ့ဒီပွဲစဉ်မှာ ပရိသတ်တွေရဲ့အားပေးမှုက အံ့မခန်းပါပဲ။ ပရိသတ်တွေနဲ့ထိုက်တန်တဲ့အရာကို သူတို့ဆီ ပြန်ပေးနိုင်ခဲ့လို့ ဒါက တကယ့်ကို အရေးကြီးပါတယ်။ သူတို့ အိမ်ပြန်ရောက်ချိန်မှာ အောင်ပွဲခံနိုင်ပါပြီ။ အပြုံးတွေနဲ့ပေါ့”လို့ ဆက်ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ဘယ်လင်ဟမ် #ပရီးမီးယားလိဂ်