ရှေ့သို့
Image

အမိမြေမှာ အိုလံပစ်ပြိုင်ပွဲဆင်နွှဲဖို့ဆိုတာ အိပ်မက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ အမ်ဘာပေ

2:34 PM, 23 March

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အလားအလာရှိနေချိန် ပြဿနာများစွာပေါ်ပေါက်လာနိုင်တဲ့ အိုလံပစ်ပြိုင်ပွဲဆင်နွှဲခွင့်အတွက် သူ့ရဲ့စိတ်ဆန္ဒကို အမ်ဘာပေက အတိအလင်းပြောပြလာပါတယ်။ ပြင်သစ်မြေမှာ ကျင်းပမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲအတွင်း သီယာရီအွန်နရီ ဦးဆောင်မယ့် အသင်းမှာ ပါဝင်ကစားပေးလိုနေတဲ့ တိုက်စစ်မှူးက ပြိုင်ပွဲကာလအတွင်း အထင်ရှားဆုံး ကစားသမားဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီအသင်းမှာ ခုနစ်နှစ်ကြာကစားခဲ့ပြီးနောက် ကလပ်အသင်းနဲ့ ဆက်ဆံရေးအေးစက်ခဲ့ပေမယ့် သူ့ရဲ့အမိနိုင်ငံတော်အတွက် သစ္စာစောင့်သိမှုကိုတော့ ဘယ်လိုအခြေအနေမျိုးမှာမှ စွန့်လွှတ်သွားမယ့် အလားအလာမရှိပါဘူး။ သူက ဂျာမနီမြေမှာကျင်းပမယ့် နွေရာသီဥရောပ ချန်ပီယံရှစ်မှာလည်း ပြင်သစ်အသင်းအောင်ပွဲရရန် ကူညီပေးသွားဖို့ ဆန္ဒရှိနေပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့်က ကမ္ဘာ့ဖလားဖိုင်နယ်အဆင့်မှာ ဟက်ထရစ်ရယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာပြီး ပါရီအိုလံပစ်ကို လူကြိုက်များအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ အခုလိုပါဝင်ကစားပေးဖို့ ဆန္ဒရှိနေလို့ ပြဿနာအချို့ ပေါ်ပေါက်လာနိုင်ပေမယ့် အသက်-၂၅ နှစ်အရွယ်ကစားသမားကတော့ ပါရီအိုလံပစ်မှာ ပူးပေါင်းပါဝင်လိုတဲ့ဆန္ဒကို ထုတ်ဖော်ပြသလာပါတယ်။

အမ်ဘာပေက “အိုလံပစ်ပြိုင်ပွဲမှာ အမြဲလိုလိုကစားချင်တဲ့ဆန္ဒက အပြောင်းအလဲမရှိပါဘူး။ အိုလံပစ်ပြိုင်ပွဲကိုသာ ကစားခွင့်ရရှိရင် အိပ်မက်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ကို ခွင့်မပြုပေးဘူးဆိုရင်လည်း ကျွန်တော်ပြောထားတဲ့အတိုင်းပဲ လုပ်သွားရပါလိမ့်မယ်။ ဒီအတွက် ဆုံးဖြတ်ချက်က လူတစ်ဦးအပေါ်မှာပဲ မူတည်နေတာပါ။ သူတို့တွေကတော့ ကျွန်တော့်ကို yes or no မပြောသေးပါဘူး”လို့ ဆိုပါတယ်။

အမ်ဘာပေရည်ညွှန်းခဲ့သူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် သတင်းတွေထဲမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အခုနွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် သူတို့ရဲ့ပြင်သစ်ကစားသမားတွေကို စေလွှတ်သွားဖို့မရှိဘူးလို့ ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာခဲ့ရင် စပိန်ထိပ်သီးကလပ်ဆီ အမ်ဘာပေ ပြောင်းရွှေ့မယ်လို့ ယူဆရတာကြောင့် ပြင်သစ်ကြယ်ပွင့်အနေဖြင့် ကလပ်အသင်းထံမှ အထူးခွင့်ပြုချက် တောင်းခံရဖို့ရှိနေပါတယ်။

ပါရီအိုလံပစ်ဘောလုံးပြိုင်ပွဲအတွက် နောက်ဆုံးဗိုလ်လုပွဲက သြဂုတ် ၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး သြဂုတ် ၁၄ ရက်မှာ စူပါဖလား၊ သြဂုတ် ၁၇ ရက်မှာ လာလီဂါရာသီအဖွင့်ပွဲစဉ်တွေကို ကျင်းပသွားပါလိမ့်မယ်။ အိုလံပစ်ပြိုင်ပွဲဝင်ဘောလုံးသမားတွေက အသက်-၂၃ နှစ်အောက်ဖြစ်ရမယ်လို့ စည်းမျဉ်းချမှတ်ထားပေမယ့် ဘောလုံးအသင်းတစ်ခုမှာ အသက်လွန်ကစားသမားသုံးဦးအထိ ထည့်သွင်းဖွဲ့စည်းနိုင်ပါတယ်။

လက်ရှိပြင်သစ်ယူ-၂၁အသင်းနည်းပြ အွန်နရီကတော့ အမ်ဘာပေကို သူ့ရဲ့အသင်းမှာ ပါဝင်လာဖို့ မျှော်လင့်နေပေမယ့် ဒီအတိုင်းဖြစ်လာနိုင်ခြေ အတော်လေးနည်းပါးနေပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #အမ်ဘာပေ