ရှေ့သို့
Image

ခြောက်ဂိုးပြတ်မရှုံးတာ တော်တော်ကံကောင်းတယ်လို့ ပြောဆိုလိုက်တဲ့ စကော့တလန်ကပ္ပတိန် ရော်ဘတ်ဆန်

2:41 PM, 23 March

စကော့တလန်အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က နယ်သာလန်ကို ခြောက်ဂိုးပြတ်မရှုံးတာ အတော်ကံကောင်းတယ်လို့ပြောဆိုရင်း ပွဲချိန်နှောင်းပိုင်းပြိုလဲသွားတဲ့ အသင်းရဲ့ပုံစံကို အမျက်ဒေါသထွက်နေခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း၊ အက်စတာဒမ်မြို့ခြေစမ်းပွဲမှာ ပွဲချိန်တစ်နာရီလောက်ကို စကော့တလန်အသင်းက အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့် နယ်သာလန်ကွင်းလယ်လူရိမ်းဒါစ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကြောင့် နောက်မှလိုက်ကစားခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း စကော့တလန်တိုက်စစ်မှူးရှန်ကလန်က ချေပဂိုးရရှိနိုင်မယ့်အကောင်းဆုံး အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် စတိဗ်ကလက်ခ်ရဲ့အသင်းဟာ အမှန်တကယ်ပြိုလဲသွားခဲ့ပါတယ်။

ပွဲစဉ်နှောင်းပိုင်းမိနစ် ၂၀ အတွင်း စကော့တလန်က ပြိုင်ဘက်ရဲ့ နောက်ထပ်သွင်းဂိုး သုံးဂိုးကို ခွင့်ပြုပေးရကာ ခြောက်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ရော်ဘတ်ဆန်က " ကျွန်တော် စိတ်ပျက်ဒေါသထွက်နေပါတယ်။ ကျွန်တော်တို့တွေ အခုလိုပွဲကြီးပွဲကောင်းတွေမှာ ကိုယ့်ကစားနေကျပုံစံအတိုင်း မကစားနိုင်ခဲ့ပါဘူး။ အဆုံးမှာတော့ ကျွန်တော်တို့အသင်းရဲ့ကစားပုံ လုံးဝပွင့်ထွက်သွားပါတယ်။ ၄-၀ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာ လုံးဝမယုံကြည်နိုင်စရာပါ။ ဒီလိုပုံစံမျိုးဖြစ်လာတာ မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော်တို့ ဒီရှုံးပွဲအပေါ် ပြန်လည်သုံးသပ်သွားဖို့ လိုအပ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို တသမတ်တည်းဖြစ်အောင် မထိန်းထားနိုင်ခဲ့ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာလည်း ပြိုင်ဘက်အတွက် ဂိုးတွေအများကြီးခွင့်ပြုပေးခဲ့ရပါတယ်။ အခုရလဒ်ပိုင်းကို မြင်တွေ့လိုက်ရသူတိုင်း ဒီပွဲက တဖက်သတ်ပွဲစဉ်ကြီးပဲလို့ ထင်မြင်ယူဆသွားပါလိမ့်မယ်။ ကျွန်တော်တို့ အခုပွဲစဉ်အပေါ် လေ့လာခွဲခြမ်းသုံးသပ်သွားရပါမယ်။ နောက်ဆုံး ကစားခဲ့တဲ့ခြောက်ပွဲမှာ ကျွန်တော်တို့ရဲ့စံနှုန်းတွေ ကျဆင်းသွားခဲ့ရပါတယ်။ အခုပွဲစဉ်မှာလည်း ခြောက်ဂိုးပြတ်လောက်အထိတောင် အရေးနိမ့်ဖို့ နီးစပ်ခဲ့ပါတယ်။ကျွန်တော်တို့တွေ နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်တက်လှမ်းနိုင်ဖို့ လိုအပ်နေပါပြီ"လို့ ပြောပါတယ်။

လာမယ့်နွေရာသီ၊ ဂျာမနီနိုင်ငံမှာကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ စကော့တလန်အသင်းဟာ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ ကောင်းမွန်တဲ့အဆုံးသတ်ပိုင်းကို ပြသနိုင်ဖို့ အရေးကြီးတယ်လို့ ရော်ဘတ်ဆန်က ဆိုပါတယ်။ သူတို့တွေက လာမယ့်အင်္ဂါနေ့၊ ဟမ့်ဒန်မြို့မှာ မြောက်အိုင်ယာလန်ကို ဧည့်ခံကစားရဖို့ရှိနေပြီး နိုင်ပွဲတစ်ခု မဖြစ်မနေရှာဖွေဖို့ အရေးတကြီးလိုအပ်နေပါတယ်။

လီဗာပူးဘယ်အစွန်နောက်ခံလူက "ဒီလိုအဆင့်မျိုးမှာ ပြိုင်ဘက်ဂိုးပေါက်ထဲဆီ ဘောလုံးရောက်သွားဖို့ကသာ အရေးအကြီးဆုံးပါ။ ကောင်လေးတွေလည်း အခွင့်အရေးတွေ လွဲချော်နိုင်ပါတယ်။ ကျွန်တော်တို့ကစားနိုင်ခဲ့တဲ့ပုံစံမျိုးကို လက်ရှိအချိန်မှာ ကျွန်တော်တို့ မကစားနိုင်တော့ပါဘူး။ ဒါက စုပေါင်းလုပ်ဆောင်သွားရမယ့် အရာတစ်ခုပါပဲ။ ကျွန်တော်တို့ခံစစ်ပိုင်းက ဟောင်းလောင်းပေါက်ဖြစ်သွားပြီး လေးဂိုးပြတ်ရှုံးနိမ့်ကာ ထွက်ခွာလာရပါတယ်။ ကျွန်တော်တို့တွေ ဒါကိုပြန်လည်သုံးသပ်ပြီး ပြင်ဆင်သွားရပါမယ်။ ယူရိုပြိုင်ပွဲကို အိမ်ဖြည့်အဆင့်လောက်နဲ့ပဲ သွားရောက်ယှဉ်ပြိုင်တာမျိုး မဖြစ်ချင်ပါဘူး။ ကျွန်တော်တို့တွေ ဆုဖလားကြီးအတွက် ယှဉ်ပြိုင်သွားချင်ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။

#နယ်သာလန် #ရော်ဘတ်ဆန် #စကော့တလန်