ရှေ့သို့
Image

လေ့ကျင့်ရေးကွင်းမှ အထင်ကြီးစရာစွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတော့မယ့် မိုင်နိုး

2:10 PM, 26 March

မန်ချက်စတာယူနိုက်တက်ရဲ့ ပါရမီရှင်ကြယ်ပွင့်ကစားသမားလေး ကိုဘီမိုင်နိုးဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံရပြီးနောက်ပိုင်းမှာ လေ့ကျင့်ရေး ကွင်းအတွင်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေကြောင့် လာမယ့် ဘယ်လ်ဂျီယံနဲ့ခြေစမ်းပွဲစဉ်မှာ ပထမဆုံးအကြိမ် စတင်ပွဲထွက်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

အသက်-၁၈ နှစ်အရွယ် ကစားသမားဟာ ကနဦးက အင်္ဂလန် ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံထားရသော်လည်း လီဗာပူးကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှ ထူးခြားတဲ့စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်ဟာ ဒဏ်ရာပြဿနာအများအပြားနဲ့ ကြုံတွေ့နေရတာကြောင့် အခက်တွေ့နေပြီး အဓိက ကွင်းလယ်လူ ဟန်ဒါဆန်ကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေကိုပျက်ကွက်ခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ပွဲကို လွဲချော်သွားဖို့များနေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဘရာဇီးကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာ စတင်ပါဝင်ခွင့်ရဲ့တဲ့ မိုင်နိုးဟာ လာမယ့်ပွဲစဉ်မှာတော့ တစ်ပွဲလုံးအပြည့်အဝ ပါဝင်ကစားသွားနိုင်ဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။

လာမယ့် ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ မိုင်နိုးအနေနဲ့ ဆက်လက်ပါဝင်ဖွယ်ရှိမရှိမေးမြန်းခဲ့ရာ ဆောက်ဂိတ်က “ကျွန်တော်တို့မှာ ရွေးချယ်စရာတွေရှိပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူတို့ကို အကဲဖြတ်ခဲ့ပြီး မနက်ဖြန် ဘယ်လ်ဂျီယံနဲ့ပွဲမှာတော့ မိုင်နိုးအတွက် အခွင့်အရေးရှိနေပါတယ်။ သူက အတော်လေးကိုတည်ငြိမ်ပါတယ်။ သူက ပုံစံမျိုးစုံနဲ့ကစားနိုင်တယ်ဆိုတာ အားလုံးမြင်နိုင်ပါတယ်။ နည်းဗျူဟာအရ ပြောရမယ်ဆိုရင် သူက ဘောလုံးအယူအဆအားလုံးကို လက်ခံနိုင်ပုံရပါတယ်။ အကယ်ဒမီမှာလည်း လူငယ်ကစားသမားတော်တော်များများမှာ ဒီလိုအရည်အသွေးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကိုဘီက တိုးတက်နေဆဲပါ။ အသင်းရဲ့လက်ရှိတိုးတက်မှု အခြေအနေတွေအရ အရင်းအမြစ်ပိုင်းက သိပ်မကြွယ်ဝတာကြောင့် သူ ကျွန်တော်တို့အသင်းမှာပါဝင်လာခဲ့တာပါ။ လေ့ကျင့်မှုတွေပြုလုပ်ပြီးနောက်မှာတော့ သူဘာတွေလုပ်နိုင်လဲဆိုတာ မြင်တွေ့ခဲ့ရပြီး အသင်းအတွက် ဝမ်းသာမိပါတယ်။ သူ့ကိုသေချာဂရုစိုက်ပြီး စနစ်တကျနဲ့တိုးတက်လာအောင် ပျိုးထောင်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်ကိုတော့ အင်္ဂလန်အတွက် ပွဲ ၅၀ ပြည့်မြောက်ကစားမယ့် ဒီကလန်ရိုက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ဘရန့်ဖိုဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကလည်း ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။

#အင်္ဂလန် #မိုင်နိုး