ရှေ့သို့
Image

ကစားသမားဘဝနေ အနားယူဖို့ မစဉ်းစားရသေးကြောင်း ဆိုလာတဲ့ မက်ဆီ

1:58 PM, 28 March

သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားဘဝကအနေ အနားယူဖို့ အချိန်မှန်ကို သိနိုင်ပေမယ့် ကွင်းနဲ့ ဝေးကွာတဲ့ ဘဝအတွက် မစဉ်းစားရသေးဘူးလို့ မက်ဆီက ပြောကြားလိုက်ပါတယ်။ ရှားရှားပါးပါးအင်တာဗျူးတစ်ခုတွင် မက်ဆီက သူ့ရဲ့ဘာစီလိုနာအသင်းကနေ အံ့အားသင့်ဖွယ်ထွက်ခွာမှု၊ အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားအနိုင်ရရှိမှု အပါအဝင် အကြောင်းအရာများစွာကို ပရိသတ်များကို သိစေခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူရမယ့်အကြောင်းကို ဆွေးနွေးပြီးတဲ့အခါ ဘယ်အချိန်မှာအနားယူရမလဲဆိုတာကို သိကြောင်း အခိုင်အမာပြောခဲ့သော်လည်း သူကျေနပ်သဘောကျနေသရွေ့ ဆက်လက်ကစားရန် စိတ်အားထက်သန်နေသေးတယ်လို့ မက်ဆီက ဝန်ခံထားပါတယ်။

"အချိန်ကြာကြီးအထိ ဆက်မကစားနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အသင်းဖော်တွေကို မကူညီတော့ဘူးလို့ ခံစားရတဲ့အချိန်မှာ ကျွန်တော် ထွက်ရတော့မယ်ဆိုတာသိပါတယ်" "ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အရမ်းဝေဖန်တတ်သူပါ ကောင်းတဲ့အချိန် မကောင်းတဲ့အချိန်တွေကိုနဲ့ ကောင်းကောင်းကစားနိုင်တဲ့အချိန်နဲ့ မကစားနိုင်တဲ့အချိန်ကိုလည်း ကျွန်တော်သိပါတယ်" "အဲဒီအဆင့်ကို လှမ်းဖို့ အချိန်တန်ပြီလို့ ခံစားရရင် အသက်အရွယ်ကို မတွေးဘဲ လုပ်လိုက်မှာပါ။ ကောင်းနေတယ်လို့ ထင်နေတယ်ဆိုရင် ယှဉ်ပြိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေမှာပါ ဘာကြောင့်လဲဆိုတော့ ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကို ကျွန်တော် ကောင်းကောင်းသိလို့ပါ" လို့ မက်ဆီက ပြောပါတယ်။

အနားယူဖို့အတွက် ပြောဆိုနေသော်လည်း ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ဘယ်အချိန် ကစားသမားဘဝမှ အနားယူမလဲဆိုတာ မစဉ်းစားရသေးတာဖြစ်ပါတယ်။ "ဘယ်အချိန်အနားယူရမလဲဆိုတာ မစဉ်းစားရသေးဘူး။ ဒီနေ့တော့ အနာဂတ်ကို မတွေးဘဲ တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်ဖို့ ကိုသာ ကြိုးစားနေပါတယ်" "ကျွန်တော် ဘာမှ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ကျွန်တော် နှစ်သက်တဲ့ ပုံစံအတိုင်း နောက်ထပ် အချိန်ကြာကြာ ဆက်ကစားဖို့ မျှော်လင့်ပါတယ်" "အချိန်တန်လာတဲ့အခါကျရင် ကြိုက်နှစ်သက်တဲ့အရာအပေါ် အခန်းကဏ္ဍအသစ်တစ်ခုမှာ လုပ်ဆောင်ဖို့ သေချာပေါက် ရှာတွေ့မှာပါ။ အားကစားအဆင့်မှာ အိပ်မက်တွေအားလုံးကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ကျွန်တော် အရမ်းကံကောင်းပါတယ်" လို့ မက်ဆီက ပြောပါတယ်။

မက်ဆီ အနားယူတော့မယ်ဆိုတဲ့ ပြောကြားချက်က တစ်ကမ္ဘာလုံးက ပရိသတ်တွေ အတွက် လုံလောက်မှာပါ။ ဒါပေမယ့် တစ်နေ့ကျရင် အချိန်တန်ပြီဆိုတာ သိပါလိမ့်မယ်ဆိုတဲ့ အမှန်တရားရဲ့အောက်မှာ အသက် ၃၆နှစ် အရွယ် မက်ဆီက ပွဲတွေကစားပြီးနောက်မှာ ပျော်ရွင်နေပါသေးတယ်လို့ ပြောကြားထားပါတယ်။

သူ့ရဲ့ ကစားသမားဘဝအတွင်း ဒဏ်ရာကြီးကြီးမားမရရှိအောင် ရှောင်ရှားနိုင်ခဲ့တဲ့အပေါ် ကျေးဇူးတင်ရမှာဖြစ်သော်လည်း ဖလော်ရီဒါသို့ ပြောင်းလာကတည်းက အသေးစားဒဏ်ရာတွေကို အာဂျင်တီးနားအသင်းခေါင်းဆောင်က ရရှိနေတာဖြစ်ပါတယ်။ မကြာသေးမီက ကစားခဲ့တဲ့ လက်ရွေးစင်အသင်းရဲ့ခြေစမ်းပွဲတွေကို လွဲချော်ပြီးနောက် အင်တာမီယာမီဟာ ဧပြီလ ၃ ရက်နေ့ မွန်တာရီနှင့် ယှဉ်ပြိုင်မယ့်CONCACAF ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် မက်ဆီကို ထည့်သွင်းကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

#မက်ဆီ