ရှေ့သို့
Image

ယူရို ၂၀၂၄ အင်္ဂလန်လူစာရင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့နေရာအတွက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အလန်ရှီးယားပြော

2:02 PM, 28 March

အလန်ရှီးယားက ယူရို ၂၀၂၄ အင်္ဂလန်အသင်းလူစာရင်းအတွက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကက်ရက်ရှ်ဖို့ဒ်ရဲ့နေရာဟာ ခြိမ်းခြောက်မှုတွေပြည့်နှက်နေကြောင့်နဲ့ ကစားသမားရဲ့အသင်းဖော် ကိုဘီမိုင်နူးကတော့ အပြိုင်အဆိုင်တွေကြားမှာ ပွဲထွက်နိုင်ခဲ့တယ်လို့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ခြေစမ်းပွဲစဉ် ၂ ပွဲကစားခဲ့ရာ ဘရာဇီးကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဘယ်လ်ဂျီယံကိုတော့ ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ နောက်ကျ ချေပဂိုးကြောင့် ၂-၂ နဲ့သရေကစားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ဘရာဇီးနဲ့ပွဲမှာ ၁၅ မိနစ်ခန့်ပါဝင်ကစားခဲ့ရသော်လည်း ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာတော့ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် လူစားလဲခြင်းမခံခဲ့ရပါဘူး။

ဒါကြောင့် ယခုအခါမှာတော့ အလန်ရှီးယားက “တကယ်လို့ ရက်ရှ်ဖို့ဒ်အနေနဲ့ အခုနဲ့ ရာသီကုန်အကြားမှာ ခြေစွမ်းကောင်းကောင်းပြသနိုင်မယ်ဆိုရင် ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်ဖို့များပါတယ်။ ဒါပေမယ့် ဒါက မသေချာတဲ့အခြေအနေမှာ ရှိနေပါတယ်။ သူက အထောင်တိုက်စစ်မှူးမဟုတ်ပါဘူး။ အဲဒီနေရာမှာ သူမကစားချင်ဘူး။ သူက တောင်ပံနေရာမှာကစားချင်ပြီး အရေးပေါ်အခြေအနေမှသာ အထောင်တိုက်စစ်ကိုဆော့ချင်တဲ့သူပါ” “သူ့ရဲ့ ကစားပုံကိုကြည့်ပြီးတော့ သူက ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်နေရာမှာ မကစားချင်ဘူးဆိုတာပြောနိုင်ပါတယ်။ ဒါကြောင့် အင်္ဂလန်မှာ အထောင်တိုက်စစ်မှူးအဖြစ်ကစားမယ်ဆိုရင် ရက်ရှ်ဖို့ဒ်က ဟာရီကိန်း၊ ဝက်ကင်းစ်နဲ့ တိုနေးတို့ထက် ကောင်းမှာမဟုတ်ပါဘူး”

“မိုင်နူးကတော့ ဆောက်ဂိတ်ရဲ့အစီအစဉ်အတိုင်း အပြည့်အဝစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီရာသီက သူ့အတွက်တော့ မယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ရာသီတစ်ခုပါပဲ။ ပြီးခဲ့တဲ့နွေရာသီကအခြေအနေနဲ့ အခုလက်ရှိသူ့ရဲ့အခြေအနေကို နှိုင်းယှဉ်ကြည့်ပါ။ အထင်ကြီးစရာခြေစွမ်းမျိုး ပိုင်ဆိုင်ထားပါတယ်” “ပြီးတော့ အန်တိုနီဂေါ်ဒွန်ကလည်း ခြေစွမ်းကောင်းကိုပြသထားနိုင်ပါတယ်။ သူက တနင်္ဂနွေနေ့က ပွဲစဉ်မှာ အထင်ကြီးစရာကောင်းခဲ့ပြီး မိုင်နိုးလည်း အတူတူပါပဲ။ ပြီးတော့ တိုနီနဲ့ဂေါ်ဒွန်တို့ ကောင်းကောင်းအချိတ်အဆက်မိခဲ့တယ်လို့ထင်ပါတယ်။ အခြားနေရာတွေမှာတော့ ဘန်ချီဝဲလ်က ဘရာဇီးနဲ့ပွဲမှာ ကောင်းကောင်းအလုပ်မဖြစ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း ထပ်ပါလာပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒီနေရာမှာတော့ ဆောက်ဂိတ်အနေနဲ့ ရွေးချယ်စရာတွေပြုလုပ်ဖို့လိုနေပါပြီ”

“လက်ရှိအင်္ဂလန်အသင်းမှာ တောင်ပံကစားသမားတွေကတော့ အများကြီးရှိနေပါတယ်။ ဂရီးလစ်ရှ်၊ ဘိုဝမ်၊ ရက်ရှ်ဖို့ဒ်၊ ဂေါ်ဒွန်နဲ့ ဆာကာတို့ပါ။ ဒီထဲမှာမှ ဂရီးလစ်ရှ်နဲ့ ရက်ရှ်ဖို့ဒ်တွေက သူတို့ရဲ့နေရာတွေအတွက် ဖိအားတွေများနေပါတယ်။ ဂါရတ်ဆောက်ဂိတ် အနေနဲ့ တောင်ပံမှည အကုန်လုံးကို စိတ်ကြိုက်ရွေးချယ်နိုင်ပေမယ့် ခံစစ်ပိုင်းမှာတော့ ရွေးချယ်စရာ များများစားစားမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။

#အင်္ဂလန် #ရက်ရှ်ဖို့ဒ် #အလန်ရှီးယား #ယူရို၂၀၂၄