ရှေ့သို့
Image

ဂျော်ဂျင်ဟိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အေးဂျင့်ဖြစ်သူ အရိပ်အမြွက်ပြောကြားလာ

2:04 PM, 28 March

အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူက ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရာသီကုန်မှာ ဘယ်လိုအခြေအနေတွေဖြစ်နိုင်သလဲဆိုတာ အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ အတွေ့အကြုံရင့် အီတလီလက်ရွေးစင် ကွင်းလယ်လူဟာ ချဲလ်ဆီးကနေ အာဆင်နယ်သို့ စတင်ပြောင်းရွှေ့လာပြီးကတည်းက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ထားနိုင်ပြီး အခုချိန်မှာတော့ အာတီတာလက်အောက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပါတယ်။

မာတင်အိုဒီဂတ်ရဲ့ အခန်းကဏ္ဍပြောင်းလဲလာမှုနဲ့ သောမတ်စ်ပါတေးရဲ့ ကာလရှည်ဒဏ်ရာရမှုတွေကြောင့် ဂျော်ဂျင်ဟိုဟာ အရေးပေါ်အစားထိုးကစားသမားဖြစ်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်ကို အဓိက တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း ကစားသမားရဲ့လက်ရှိစာချုပ်ဟာ လာမယ့် နွေရာသီမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ သက်တမ်းတိုးဖို့ရှိမရှိကို ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိသေးပါဘူး။ အခုအခါမှာတော့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ဂျိုအိုဆန်းတို့စ်က “အာဆင်နယ်ရဲ့အင်အားက အသင်းတစ်သင်းလုံးပါပဲ။ သူတို့ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသူတွေဖြစ်ပြီး လုံးဝအရေးကြီးတဲ့အနေအထားမှာရှိနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ရဦးမှာပါ” “ဂျော်ဂျင်ဟိုကတော့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပြီး ကောင်းကောင်းလုပ်ပြထားနိုင်တာကြောင့် ဆွေးနွေးမှုတွေရှိလာဦးမှာပါ။ နောက်ရာသီမှာ သူ့ကို အာဆင်နယ်က လိုအပ်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျော်ဂျင်ဟိုအနေနဲ့ အီတလီစီးရီအေကို ပြန်လာနိုင်ချေရှိမရှိမေးမြန်းခဲ့ရာ ဆန်းတို့စ်က “ဘောလုံးမှာက အမြဲတမ်းဒီလိုပါပဲ။ သူ့တစ်သက်လုံး အီတလီမှာ ကစားခဲ့တာပဲ။ အီတလီမှာနေရတာလည်း သူကြိုက်ပါတယ်။ ဒါကြောင့် ပြန်မလာဘူးလို့တော့ မပြောနိုင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

၂၀၂၀ မှာ အီတလီနဲ့အတူ ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း ဆက်လက်ပါဝင်နိုင်ဖို့မျှော်လင့်နေပြီး သူတို့ရဲ့ချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းဖို့ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

အီကွေဒေါကိုအနိုင်ရခဲ့တဲ့ အီတလီရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ဆန်းတို့စ်က “ကျွန်တော်အဲဒီပွဲကို ကွင်းထဲအထိသွားကြည့်ခဲ့ပါတယ်။ သူ့ကို တိုက်ရိုက်ကြည့်ရှုခဲ့တာပါ။ အီတလီက လမ်းကြောင်းမှန်ပေါ်မှာပါ။ သူတို့က အရေးပါတဲ့ခြေစမ်းပွဲ ၂ ပွဲစလုံးကို အနိုင်ယူခဲ့ပါတယ်။ အခုချိန်မှာတော့ ယူရိုချန်ပီယံရှစ်ကို အာရုံစိုက်ရတော့မှာပါ။ ဂျော်ဂျင်ဟိုအနေနဲ့ နောက်ထပ်တစ်ကြိမ် ယူရိုဖလားကို ဂျာမနီမှာ ကိုင်မြှောက်နိုင်မယ်လို့ မျှော်လင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဂျော်ဂျင်ဟို #ပရီးမီးယားလိဂ်