ရှေ့သို့
Image

ဘောလုံးသမိုင်းတလျှောက် အကြီးကျယ်ဆုံးနည်းပြကို ရွေးချယ်ရာမှာ ပက်နဲ့ ကလော့ပ်ကို ချန်လှပ်ခဲ့တဲ့ ကာရေဂါ

2:43 PM, 28 March

ကာရေဂါက လက်ရှိလီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကို ချန်လှပ်ကာ သူနှစ်သက်ရတဲ့ ဘောလုံသမိုင်းတလျှောက် အကြီးကျယ်ဆုံးနည်းပြကို စိတ်ကြိုက်ရွေးချယ်သွားပါတယ်။ လီဗာပူးဂန္တဝင်ကြီးက ဘောလုံးလောကရဲ့အကောင်းဆုံးအကြီးအကဲစာရင်းတစ်ခု သူ့ဆီ ရောက်ရှိလာပြီးနောက် ဥရောပဘောလုံးလောကအတွင်း အအောင်မြင်ဆုံးနည်းပြတွေအနက် တစ်ဦးအတွက် ထိပ်ဆုံးနေရာကို အဆင့်ဆင့်အကဲဖြတ်ရွေးချယ်ပေးလိုက်ပါတယ်။

ကာရေဂါက ကလော့ပ်ရဲ့လီဗာပူးအသင်းကို ထောက်ခံအားပေးတဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အခုရာသီမှာ ဂျာမန်သားကြီးကို ကလပ်အသင်းနဲ့အတူ ဒုတိယမြောက်ပရီးမီယားလိဂ်ဆုဖလား ကိုင်မြှောက်နိုင်စေလိုသူလည်း ဖြစ်နေပြန်ပါတယ်။ ဒါပေမယ့် လီဗာပူးက အခုဘောလုံးရာသီကုန်မှာ မန်စီးတီး၊ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်မယ်ဆိုရင်တောင် ကာရေဂါရဲ့ရွေးချယ်မှုမှာတော့ ကလော့ပ်ကို အဆင့်မြှင့်တင်ပေးနိုင်ဖို့ မရှိတော့ပါဘူး။

အသက်-၄၆ နှစ်အရွယ် နောက်ခံလူဟောင်းက အာဆင်နယ်ဂန္တဝင်၊ပြင်သစ်ကမ္ဘာ့ဖလားဆုရှင်အွန်နရီနဲ့အတူ ပူးပေါင်းတင်ဆက်တဲ့အစီအစဉ်တစ်ခုမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲနည်းပြတွေနဲ့ အနားယူသွားပြီဖြစ်တဲ့ နည်းပြတွေအနက် စိတ်ကြိုက်အဖြစ်ရဆုံးသူတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ Sky Sports သတင်းဌာနအတွက် ဒီပုဂ္ဂိုလ်နှစ်ဦးအဓိက တာဝန်ယူတင်ဆက်ပေးတဲ့ အစီအစဉ်တစ်ခုမှာ ကာရေဂါက ချန်ပီယံလိဂ်ဆုရှင်လီဗာပူးနည်းပြဟောင်း ရာဖာဘင်နီတက်ဇ်ထက် ဖေဘီယိုကာပယ်လိုကို ပိုကောင်းတဲ့နည်းပြအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကာရေဂါက ဘင်နီတက်ဇ်လက်အောက်မှာ ၂၀၀၅ ခုနှစ် ဥရောပချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့ပေမယ့် စပိန်လူမျိုးနည်းပြကိုကျော်ဖြတ်ပြီး အင်္ဂလန်နည်းပြဟောင်းကာပယ်လိုကို ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ ဒီနောက်မှာတော့ အီတာလျံသားဟာ ယခင်စပိန်နည်းပြဟောင်း ဒယ်လ်ဘော့စကေးနဲ့ နှိုင်းယှဉ်ရချိန် ကာရေဂါရဲ့စိတ်ကြိုက်အဖြစ်ဆုံးနည်းပြနေရာကို စွန့်လွှတ်လိုက်ရပါတယ်။

ဒယ်လ်ဘော့စကေးက ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတို့ကို စပိန်အသင်းဆွတ်ခူးနိုင်အောင် လမ်းပြပေးခဲ့ပါတယ်။ နောက်တစ်ဆင့်မှာတော့ ဒယ်လ်ဘော့စကေးအစား မော်ရင်ဟိုကို ကာရေဂါက ရွေးချယ်လိုက်ပြီး အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကိုပင် ပေါ်တူဂီလူမျိုးနည်းပြနဲ့ ယှဉ်ထိုးကာ သူ့ရဲ့ရွေးချယ်မှုမှာ ချန်လှပ်ထားခဲ့ပါတယ်။

မော်ရင်ဟိုက ချဲလ်ဆီးနည်းပြဘဝသက်တမ်းနှစ်ကြိမ်အတွင်း အာဆင်ဝင်းဂါးနဲ့ ကွင်းတွင်းကွင်းပြင် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီနဲ့ မော်ရင်ဟိုတို့အနက် ဘယ်သူ့ကိုရွေးချယ်မလဲလို့ အွန်နရီက မေးမြန်းလာချိန်မှာတော့ ကာရေဂါအတွက် ရွေးချယ်ဖို့ အတော်လေးခက်ခဲသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပေါ်တို၊ အင်တာမီလန်တို့နဲ့ ရယူခဲ့ဖူးတဲ့ မော်ရင်ဟိုရဲ့ဥရောပအောင်မြင်မှုတွေကို အကြောင်းပြုကာ ပေါ်တူဂီသားကိုပဲ ဆက်လက်ရွေးချယ်သွားပါတယ်။ ရိုးမားနည်းပြဟောင်းက နယ်သာလန်ဂန္တဝင်ဂျိုဟန်ခရိုက်ဖ်နဲ့ နှိုင်းယှဉ်ရချိန်မှာတော့ ကာရေဂါရဲ့ရွေးချယ်မှုမှာ မပါဝင်နိုင်တော့ပါဘူး။

လီဗာပူးနောက်ခံလူဟောင်းက “ကျွန်တော်ကတော့ ဂျိုဟန်ခရိုက်ဖ်ကိုပဲ ရွေးချယ်ပါမယ်။ ဂျိုဟန်ခရိုက်ဖ်က ဒီဘဝမှာ အခုထက်ပိုပြီး အောင်မြင်မှုတွေ မရယူနိုင်တော့ပါဘူး။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာ ဂျိုဟန်ခရိုက်ဖ်တည်ဆောက်ပြခဲ့တဲ့အရာတွေကတော့ တကယ့်ကို အံ့မခန်းပဲလို့ ကျွန်တော် ထင်ပါတယ်။ အခုအချိန်ထိလည်း ကလပ်အသင်းတစ်ခုဆီ အတွေးအခေါ်တစ်ခု ဘယ်လိုထည့်သွင်းရမလဲဆိုတာနဲ့ ပတ်သက်လို့ ဂျိုဟန်ခရိုက်ဖ်ရဲ့နည်းလမ်းတွေက ပြောစမှတ်ဖြစ်နေတုန်းပါပဲ။ ကျွန်တော့်အတွက်တော့ ဂျိုဟန်ခရိုက်ဖ်က ဘောလုံကမ္ဘာမှာ အရေးအပါဆုံးလူပုဂ္ဂိုလ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နယ်သာလန်နည်းပြကြီးအပေါ် ကာရေဂါရဲ့နှစ်သက်မှုက ပက်ဂွါဒီယိုလာ ဝင်ရောက်လာချိန်မှာတော့ ပြီးဆုံးသွားခဲ့သလို မန်စီးတီးနည်းပြအတွက် လက်ရှိလီဗာပူးနည်းပြယာဂန်ကလော့ပ်ကိုပါ ကာရေဂါက ပစ်ပယ်သွားခဲ့ပါတယ်။ ကာရေဂါအတွက် နောက်ဆုံးရွေးချယ်မှုအဖြစ် ပက်ဂွါဒီယိုလာနဲ့ မန်ချက်စတာယူနိုက်တက်သမိုင်းဝင်ခေါင်းဆောင်ကြီး ဖာဂူဆန်တို့ ရောက်ရှိလာခဲ့ပါတယ်။

ဖာဂူဆန်က သူ့ရဲ့နည်းပြဘဝသက်တမ်းမှာ ယူနိုက်တက်အတွက် အခြားဆုဖလားအောင်မြင်မှုတွေအပါအဝင် ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်တိတိရရှိအောင် လမ်းပြပေးခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ ယူနိုက်တက်နဲ့ စကော့တလန်မြေမှာရယူခဲ့တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုရင်း ကာရေဂါက “ပက်ဂွါဒီယိုလာကို ကျော်ဖြတ်ပြီး ဆာအဲလက်စ်ဖာဂူဆန်ဆီ သွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဖာဂူဆန်ရဲ့အဘာဒင်းနဲ့အတူ လုပ်ဆောင်ပြခဲ့တဲ့အရာတွေကြောင့် ဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဖာဂူဆန်လိုမျိုး ဘယ်တော့မှလုပ်သွားဖို့ မရှိပါဘူး”လို့ ပြောပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ကလော့ပ် #ကာရေဂါ #ပရီးမီးယားလိဂ်