ရှေ့သို့
Image

ဟန်ဒါဆန်က သူ့အတွက် ဘယ်လိုစံပြပုဂ္ဂိုလ်မျိုးလဲဆိုတာ ရှင်းပြလာတဲ့ ဘယ်လင်ဟမ်

3:18 PM, 28 March

အင်္ဂလန်ရဲ့ မျိုးဆက်သစ်တွေအတွက် ဟန်ဒါဆန်ဟာ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ဘယ်လင်ဟမ်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

အသက်-၂၀ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကမ္ဘာ့အကောင်းဆုံးလူငယ်ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး အင်္ဂလန်ရဲ့အိပ်မက်တွေအတွက် ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဘယ်လင်ဟမ်က ရှေ့စီနီယာ ကစားသမားတွေရဲ့ အတွေ့အကြုံတွေကို အခြေခံကာ ဆုဖလားအောင်မြင်မှု လွဲချော်ရခြင်းခံစားချက်နဲ့ပတ်သက်လို့ ဘယ်လိုလေ့လာသင်ယူနေသလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရွေးစင် ကစားသမားဘဝမစတင်ခင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ဆုတ်ယုတ်မှုတွေမှတဆင့် သင်ယူနိုင်ခဲ့တဲ့အရာ ရှိ၊မရှိ မေးမြန်းလာရာ ဘယ်လင်ဟမ်က “ရှိတယ်ဆိုတာ သေချာတာပေါ့။ အသင်းမှာ အဲ့ဒီလိုဆုတ်ယုတ်မှုမျိုးကြုံဖူးတဲ့ ကစားသမားတွေ ရှိနေသေးတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ သူတို့ရဲ့နာကျင်မှုတွေမှတဆင့် ကိုယ်တိုင်သင်ယူသွားရပါတယ်။ ကျွန်တော်နဲ့ ဟန်ဒါဆန်က အရမ်းရင်းနှီးပါတယ်။ ကျွန်တော်တို့ စကားပြောဖြစ်ချိန်တိုင်း ဟန်ဒါဆန်က အခုလိုအခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းမှာ ရှိနေရတာ ဘယ်လောက်ကံကောင်းသလဲ ဆိုတာနဲ့ သူ လက်ရွေးစင်ဖြစ်ခါစအခြေအနေတွေနဲ့ အနည်းငယ်ကွာခြားသွားပုံတွေအကြောင်း ပြောပြလေ့ ရှိပါတယ်။ ဟန်ဒါဆန်က ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တာကြောင့် သူရဲ့သွန်သင်ဆုံးမမှုတွေကိုနားထောင်ပြီး ကျွန်တော် ကြိုးစားအားထုတ်လေ့ရှိပါတယ်။ ဒီအသင်းဆီ ကျွန်တော်ရောက်ရှိလာချိန်မှာ သူက ကျွန်တော့်ကို အကူအညီတွေပေးခဲ့သလို မျှော်လင့်ချက်နဲ့ တာဝန်ယူရမှုကို စီမံခန့်ခွဲနိုင်အောင်လည်း ကူညီပေးခဲ့ပြန်ပါတယ်” လို့ Sky Sports သတင်းဌာနဆီ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်အတွင်း ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ နောက်ကျချေပဂိုးသွင်းယူရင်း ဘယ်လင်ဟမ်က အင်္ဂလန်အတွက် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ဝင်ဘာလေကွင်းနှစ်ပွဲဆက်ရှုံးပွဲ မကြုံတွေ့အောင် ကယ်တင်ပေးခဲ့ပါတယ်။ လက်ရှိမှာ ဘယ်လင်ဟမ်က သူ့ရဲနိုင်ငံအတွက် ၂၉ ပွဲအထိ ပါဝင်ကစားပေးထားပြီး သုံးဂိုး သွင်းယူပေးထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ အသက်-၁၇ နှစ်အရွယ်မှာပဲ လက်ရွေးစင်ကစားသမားဘ၀ စတင်ခဲ့တဲ့ ဘယ်လင်ဟမ်က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းသားလည်း ဖြစ်ပါတယ်။ ပြင်သစ်ကို အရေးနိမ့်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့သလို အီတလီကို ရှုံးနိမ့်ကာ ဆုဖလားအောင်မြင်မှုလွတ်ကျခဲ့ရတဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာလည်း အရန်ခုံပေါ်ရှိနေခဲ့ရတဲ့ ဘယ်လင်ဟမ်က နိုင်ငံ့လက်ရွေးစင်ဘ၀ နာကျင်စရာအတွေ့အကြုံတွေကို ပိုင်ဆိုင်ခဲ့ရဖူးသူ ဖြစ်လာပါတယ်။

ဒါပေမယ့် သူက ရှေ့စီနီယာကစားသမားတွေထံမှ အများကြီး သင်ယူနိုင်သေးတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ပိုမိုတောက်ပလာတဲ့ ဘယ်လင်ဟမ်က စပိန်မြေပွဲဦးထွက်ဘောလုံးရာသီ၊ လတ်တလောကာလအထိ ဂိုး ၂၀ အထိ သွင်းယူကာ ဂိုးဖန်တီးမှုကိုးကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ပထမဆုံး ၁၅ ပွဲမှာတင် ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့ဂိုးသွင်းမှတ်တမ်းက စီရော်နယ်ဒိုရဲ့အထင်ကရ စံချိန်ကိုတောင် ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

ဘယ်လင်ဟမ်က “တကယ့်ကို ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် စပိန်မြေမှာ အသားကျလာအောင်နေထိုင်ရင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် တာဝန်တွေ ပိုထမ်းဆောင်ပေးရတာ အရမ်းပျော်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်သင်းလုံးအတွက် ကြိုးစားပေးပြီး အတွေ့အကြုံတွေ ရယူသွားပါမယ်။ အတွေ့အကြုံတွေနဲ့အတူ တိုးတက်လာပြီး ဒီလိုအခြေအနေတွေကို နှစ်သင်းလုံးအတွက် ပြန်ပြီး အသုံးချပေးမယ်လို့ မျှော်လင့်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဘာနေဗျူးမှာကစားရတာပဲဖြစ်ဖြစ်၊ အင်္ဂလန်အတွက် ဝင်ဘာလေမှာ ကစားရတာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အကောင်းဆုံးနိုးထပြီး ကြိုးစားသွားပါမယ်။ အခုလိုအဆင့်အတန်းမျိုးဆီ အစောကြီးရောက်ရှိလာလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးထားမိခဲ့ပေမယ့် အခုကျွန်တော့်ရဲ့ခရီးလမ်းမှာ ပါဝင်အားဖြည့်ကူညီပေးခဲ့သူတိုင်းကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ ဆုဖလားတွေက အောင်မြင်မှုမှတ်တိုင်တွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်ရဲ့နိုင်ငံနဲ့ ကျွန်တော့်ရဲ့ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အတွက် တက်နိုင်သမျှပေးဆပ်ရင်း ကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ ဆုဖလားကိုင်မြှောက်မှုအတွေ့အကြုံကောင်းတွေကို ရယူလိုပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#အင်္ဂလန် #ဘယ်လင်ဟမ်