ရှေ့သို့
Image

လီဗာပူးမှာ မိုဆာလက် အောင်မြင်နေမှုကို မြင်တွေ့ရလို့ ကျေနပ်အားရနေတဲ့ ဖာနန်ဒိုတောရက်စ်

4:34 PM, 28 March

လီဗာပူးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေအနက် တစ်ဦးဖြစ်လာတဲ့ မိုဆာလက်ကို မြင်တွေ့နေရလို့ ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

မိုဆာလက်က တောရက်စ်ချန်ထားခဲ့တဲ့ အန်ဖီးလ်ကလပ်သွင်းဂိုး ရရှိနိုင်ရေးတာဝန်ကို လက်ဆင့်ကမ်းရယူရင်း အမြင့်ဆုံးအဆင့်အထိ တက်လှမ်းလာခဲ့ပါတယ်။ အီဂျစ်သားက လီဗာပူးအသင်း သမိုင်းတလျှောက် ပဉ္စမမြောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို အသင်းအတွက် ဥရောပသွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်လာပါတယ်။

Liverpoolfc.com နဲ့ တွေ့ဆုံချိန် တောရက်စ်က “ကျွန်တော်တို့နှစ်ဦးလုံး ချဲလ်ဆီးမှာလည်း အသင်းဖော်တွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တော့ သူ့အတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်နဲ့ မိုဆာလက်အကြား အဆက်အသွယ်ရှိပြီး ကျွန်တော့်ရဲ့စံချိန်အားလုံး သူချိုးဖျက်နေတာ မြင်ရလို့ ကျေနပ်အားရမိပါတယ်။ အင်္ဂလန်မြေဆီ သူရောက်ရှိလာချိန်တုန်းက အရမ်းငယ်ရွယ်သေးပြီး ထိုက်သင့်တဲ့ပွဲကစားချိန်မရရှိခဲ့တာ ကျွန်တော်မှတ်မိနေပါသေးတယ်။ ဒီနောက်မှာ အီတလီဆီ သူထွက်ခွာသွားပြီး သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့ပါတယ်။ အခုတော့ စပါယ်ရှယ်ကစားသမားတစ်ဦးအတွက် စပါယ်ရှယ်ကလပ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပါပြီ။ မိုဆာလက်ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့အရာတွေရဲ့ နောက်ဆက်တွဲအကျိုးရလဒ်ကို ခင်ဗျားတို့တွေ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ မိုဆာလက်က ထိပ်တန်းကစားသမားတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အကောင်းဆုံးဘောလုံးသမားတွေအနက် တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအချက်ကို အမြဲတမ်းပြောလေ့ရှိပါတယ်။ လီဗာပူးအသင်းက အနိုင်ရရှိဖို့ ဘာတွေစီမံခန့်ခွဲနေတယ်ဆိုတာ ခင်ဗျားတို့တွေ မြင်တွေ့နိုင်သလို ဒီကလပ်အသင်းက အရာရာတိုင်းအတွက် တိုက်ပွဲဝင်နေတာကိုလည်း ခင်ဗျားတို့တွေ သိကြပါတယ်။ ဒီအတွက် မိုဆာလက်က အဓိကအကြောင်းရင်းတွေအနက် တစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်”

“အင်္ဂလန်မြေဆီ ရောက်ရှိလာပြီးနောက် ဘယ်လောက်တောင် ခက်ခဲခဲ့သလဲဆိုတာနဲ့ ထူးရှယ်ကစားသမားဖြစ်တယ်ဆိုတာ သက်သေပြဖို့ အချိန်ဘယ်လောက်တောင် နည်းပါးခဲ့သလဲဆိုတာ သိရှိထားလို့ ကျွန်တော် သူ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ သူ့အတွက် လိုအပ်ခဲ့တာ လီဗာပူးလို သူ့အပေါ်ယုံကြည်ပေးမယ့် စပါယ်ရှယ်ကလပ်အသင်းတစ်ခုပါပဲ။ မိုဆာလက်က သူဘာတွေလုပ်နိုင်သလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ မိုဆာလက်က လီဗာပူးအတွက် ဆက်ကစားပေးဖို့ စာချုပ်လက်မှတ်ရေးထိုးလိုက်ချိန် ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ သူူက လီဗာပူးအသင်းသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဖြစ်လည်းဖြစ်နေပြီဆိုပေမယ့် သူ့မှာ လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

မတ်လနိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးက ဘရိုက်တန်နဲ့ ရှက်ဖီးလ်တို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီးနောက် အက်ဖ်အေဖလား ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။

#လီဗာပူး #ဆာလက် #ဖာရန်တောရက်စ် #ပရီးမီးယားလိဂ်