ရှေ့သို့
Image

နည်းပြသစ်ရာထူးအတွက် ဇာဘီအလွန်ဆိုကို လက်လွှတ်ရဖွယ်ရှိတဲ့ လီဗာပူး

8:54 AM, 29 March

လာမယ့်နွေရာသီကာလအတွင်း လေဗာကူဆင်မှာပဲ ဇာဘီအလွန်ဆို ဆက်ရှိနေမယ်လို့ မျှော်လင့်ရမှုနဲ့အတူ လီဗာပူးက အသင်းမှထွက်ခွာတော့မယ့် ယာဂန်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဖို့ အခြားရွေးချယ်စရာနည်းပြတွေကို ပြန်လည်စဉ်းစားရလိမ့်မယ်လို့ သိရပါတယ်။

ကလော့ပ်ရဲ့တရားဝင်ကြေညာချက်ထွက်ပေါ်လာပြီးကတည်းက အသက်-၄၂ နှစ်အရွယ် အလွန်ဆိုဟာ အန်ဖီးလ်ရဲ့ပဲ့ကိုင်ရှင်အသစ် ဖြစ်လာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ အလွန်ဆိုကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းကလည်း အခုဘောလုံးရာသီလက်ရှိအချိန်အထိ ပြိုင်ပွဲစုံရှုံးပွဲမရှိဖြတ်သန်းကာ အသင်းသမိုင်းတလျှောက် ပထမဆုံး ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

ဘိုင်ယန်မြူးနစ်ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအူလီဟိုးနက်စ်ကလည်း အခုနွေရာသီ၊ အလွန်ဆိုကို ခေါ်ယူဖို့ဆိုတာ ဖြစ်နိုင်ချေအလွန်နည်းပါးလွန်းတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခုဘောလုံးရာသီကုန်မှာ နည်းပြ သောမတ်စ်တူချယ်နဲ့ လမ်းခွဲတော့မယ့် ဘွန်ဒက်စ်လီဂါဘီလူးကြီးက အလွန်ဆိုကို အလားအလာရှိတဲ့နည်းပြသစ်အဖြစ် သတ်မှတ်ထားခဲ့တာပါ။

အူလီဟိုးနက်စ်က “အလွန်ဆိုဟာ လက်ရှိသူတို့ရဲ့အောင်မြင်မှုတွေအရ လေဗာကူဆင်မှာပဲ ဆက်ရှိနေဖို့ အလားအလာပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လေဗာကူဆင်ကို ဒီအတိုင်း ပစ်မထားခဲ့ချင်လို့ပါ”လို့ ဆိုပါတယ်။

စတိုင်ကျတဲ့ကွင်းလယ်ကစားသမားအလွန်ဆိုက လီဗာပူးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက ရီးရဲလ်မက်ဒရစ်ဆီ ထွက်ခွာသွားပြီး ကစားသမားဘဝအနားမယူခင် နောက်ဆုံးသုံးနှစ်တာကာလကို ဘိုင်ယန်မြူးနစ်နဲ့အတူ ကုန်ဆုံးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အလွန်ဆိုက သူ့ရဲ့နည်းပြဘဝကို ရီးရဲလ်မက်ဒရစ်ယူ-၁၄ အသင်းနဲ့စတင်ခဲ့ကာ ရီးရဲလ်ဆိုစီဒက်(B)အသင်းရဲ့ နည်းပြအဖြစ်လည်း သုံးနှစ် တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာတော့ လေဗာကူဆင်အသင်းက သူ့ကို စီနီယာအဆင့်နည်းပြတာဝန် ထမ်းဆောင်ဖို့ အခွင့်အရေးပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကလပ်အသင်းဟာ ဘွန်ဒက်စ်လီဂါတန်းဆင်းဇုန်ထဲမှာ ကျရောက်နေပေမယ့် အလွန်ဆိုတာဝန်ယူပြီးနောက် အမှတ်ပေးဇယားအဆင့်-၆ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

အလွန်ဆိုရာသီပြည့်ကိုင်တွယ်တဲ့ အခုဘောလုံးရာသီမှာတော့ လေဗာကူဆင်က ဘွန်ဒက်စ်လီဂါ ၈ ပွဲသာ ကစားရဖို့ကျန်ရှိတော့ချိန် လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်ကို ၁၀ မှတ်ဖြတ်ကာ ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။ ဒါ့အပြင် သူတို့တွေက ဂျာမန်ဖလားဆီမီးဖိုင်နယ်အဆင့်၊ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်တွေအထိ တက်ရောက်ထားနိုင်ပါတယ်။

အူလီဟိုးနက်စ်က “လေဗာကူဆင်နဲ့အတူ နှစ်နှစ်၊ သုံးနှစ်လောက် အောင်မြင်မှုတွေရယူပြီးသွားမယ်ဆိုရင် အလွန်ဆိုကို ခေါ်ယူဖို့ လွယ်ကူကောင်း လွယ်ကူလာပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဗာပူးနည်းပြသစ်နေရာအတွက် စပို့တင်းလစ္စဘွန်းနည်းပြအာမိုရင်နဲ့ ဘရိုက်တန်နည်းပြဒီဇာဘီတု့ိက အလွန်ဆိုရဲ့နောက်မှာ ရေပန်းစားနေပါတယ်။

#လီဗာပူး #လေဗာကူဆင် #ပရီးမီးယားလိဂ် #အလွန်ဆို