ရှေ့သို့
Image

ဒဏ်ရာရ လီဗာပူးကစားသမားတွေရဲ့ နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောပြလာတဲ့ ယာဂန်ကလော့ပ်

11:25 AM, 29 March

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းအတွက် ဂိုးသမားအလီဆင်ဘက်ကာ ဘယ်အချိန် ပြန်ကစားပေးနိုင်လဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ဘရာဇီးဂိုးသမားဟာ တံကောက်ကြောဒဏ်ရာနဲ့ အတူ အနားယူနေခဲ့ရပါတယ်။

အလီဆင်အနားယူနေရချိန်တွေအတွင်း လီဗာပူးအရံဂိုးသမား ကလယ်ဟာက အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိအောင် လက်စွမ်းပြကူညီပေးခဲ့သလို ကာရာဘောင်ဖလားအောင်ပွဲအတွက်လည်း တတပ်တအားပါဝင်အားဖြည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြင်းအထန်တိုက်ပွဲဝင်နေတဲ့ လီဗာပူးအတွက် အလီဆင်အမြန်ဆုံးပြန်လာနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ကံကောင်းတဲ့ပရိသတ်အချို့ကတော့ ကာဘီရှိ AXA လေ့ကျင့်ရေးကွင်း အလည်အပတ်ခရီးစဉ်ကို လိုက်ပါခွင့်ရရှိခဲ့ပြီး ယာဂန်ကလော့ပ်ဆီ အလီဆင်ပြန်ကစားနိုင်မယ့်အချိန်ကို မေးမြန်းနိုင်ခဲ့ကြပါတယ်။

အသင်းပရိသတ်တစ်ဦးက “အလီဆင် အခြေအနေဘယ်လိုလဲ?” မေးမြန်းလာမှုကို ဂျာမန်သားကြီးက “နှစ်ပတ်ခွဲနဲ့ သုံးပတ်လောက် စောင့်ရပါဦးမယ်။ ဒီထက်လည်း ပိုမကြာနိုင်တော့ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။ အလီဆင်သာ အနည်းဆုံး သုံးပတ်လောက် အနားယူရဦးမယ်ဆိုရင် ဘရိုက်တန်၊ ရှက်ဖီးလ်၊ မန်ချက်စတာယူနိုက်တက်၊ အတ္တလန္တာ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကို လွဲချော်ရပါလိမ့်မယ်။ ဆက်လက်ပြီး ယာဂန်ကလော့ပ်က ဂျိုတာ၊ အာနိုးလ်၊ မာတစ်တို့ရဲ့နောက်ဆုံးအခြေအနေကို ထပ်မံရှင်းပြသွားခဲ့ပါတယ်။

အခုလေ့လာရေးခရီးစဉ်မှာလိုက်ပါခွင့်ရရှိပြီး လီဗာပူးနည်းပြရဲ့စကားကို နားထောင်ခဲ့ရတဲ့ လီယန်ဝှစ်တဲက လူမှုကွန်ရက်မှတဆင့် “ဂျိုတာကတော့ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေခဲ့ပြီ။ အလီဆင်ကတော့ နှစ်ပတ်ခွဲ၊ သုံးပတ်လောက် စောင့်ရဦးမယ်။ အာနိုးလ်ကတော့ ဒဏ်ရာအခြေအနေမှာရှိနေဆဲဖြစ်ပေမယ့် သိပ်မစောင့်ရတော့ဘူး။ မာတစ်လည်း တစ်ဦးတည်းလေ့ကျင့်ရေးတွေ ပြုလုပ်လာခဲ့ပြီ။ အဲ့ဒီအတိုင်း ယာဂန်ကလော့ပ်က ပြောပြခဲ့ပါတယ်”လို့ ရေးသားမျှဝေခဲ့ပါတယ်။

အခုလအစောပိုင်းမီဒီယာတွေ့ဆုံမှုအစီအစဉ်တစ်ခုမှာ ကလော့ပ်က မတ်လနိုင်ငံတကာသီတင်းပတ်အပြီး ရက်သတ္တပတ်မှာ ဂျိုတာနဲ့ အာနိုးလ်တို့ အသင်းဆီ ပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လတ်တလောလေ့လာရေးခရီးစဉ်မှာလိုက်ပါခွင့်ရရှိခဲ့တဲ့ လီဗာပူးပရိသတ်ရဲ့အဆိုအရ ဒီကစားသမားနှစ်ဦးလုံးက အခုသီတင်းပတ်ကုန်၊ ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို လွဲချော်သွားမယ်လို့ ယူဆရပါတယ်။

ဂျိုတာက ဖေဖော်ဝါရီလအတွင်း ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့သလို အာနိုးလ်ကလည်း ဘန်လေကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာပဲ ရရှိခဲ့ပြန်ပါတယ်။ မာတစ်ကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက ဒူးအရွတ်စုတ်ပြဲဒဏ်ရာဖြင့် အနားယူခဲ့ရပြီး အခုရာသီ၊ လီဗာပူးအတွက် ပြန်ကစားပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့ကာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

Twitter လူမှုကွန်ရက်မှာမျှဝေထားတဲ့ ဗီဒီယိုဖိုင်အတွင်း ပရိသတ်တစ်ဦးက ယာဂန်ကလော့ပ်ဆီ “ဖလားသုံးလုံး အောင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလား?”လို့ နောက်ပြောင်မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ယာဂန်ကလော့ပ် သဘောကျနှစ်ခြိုက်ပြီး ရယ်မောနေခဲ့ကာ “ဒါပေါ့၊ မှန်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုရာသီ၊ ကာရာဘောင်ဖလားကို သိမ်းပိုက်ထားနိုင်တဲ့ လီဗာပူးက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းထက် ရှိနေသေးသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းထားပါတယ်။

#လီဗာပူး #ကလော့ပ် #အလီဆင် #ပရီးမီးယားလိဂ်