ရှေ့သို့
Image

မာဆေးလ်နဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲခံပြီးနောက် စိတ်ပျက်နေတဲ့ပုံစံကို ပြသခဲ့တဲ့ အမ်ဘာပေ

10:09 AM, 1 April

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ မနေ့ည မာဆေးလ်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် စိတ်ပျက်နေတဲ့ပုံစံကို ပြသခဲ့ပါတယ်။

ပြင်သစ်သားဟာ မနေ့ညက ပီအက်စ်ဂျီကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် တစ်ယောက်လျော့သွားချိန်မှာ နည်းပြ အင်းနရစ်က အမ်ဘာပေကို ထုတ်ပြီး ဂွန်ကာလိုရာမို့စ်နဲ့ လူစားလဲခဲ့တာပါ။ လူစားလဲခံလိုက်ရချိန် အမ်ဘာပေတစ်ယော်ကင အံ့အားသင့်သွားပုံရပြီး ကွင်းပြင်ကို ထွက်လာချိန် စိတ်ပျက်နေတဲ့ပုံစံကို ပြသခဲ့ပါတယ်။

အရံခုံတန်းက ကစားသမားတွေကို နှုတ်ဆက်ခဲ့ပြီးတဲ့နောက် အမ်ဘာပေဟာ ဒမ်ဘီလီနဲ့အတူ ဥမင်ထဲကိုဝင်ပြီး ကွင်းပြင်ထွက်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အင်းနရစ်က အမ်ဘာပေကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုကာ ပြင်သစ်သားကို ပြန်တောင်းပန်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

အင်းနရစ်က "အပတ်တိုင်းဒီအသံတွေပဲ ကြားနေရတာ ပျင်းဖို့တောင်ကောင်းနေပြီဗျာ။ ကျွန်တော်က နည်းပြတစ်ယောက်ပါ။ ဒါကြောင့် နေ့တိုင်း၊ အပတ်တိုင်း ဆုံးဖြတ်ချက်တွေချရပါတယ်။ ကျွန်တော် ပဲရစ်မှာ ဆက်ရှိနေမယ့် နောက်ဆုံးရက်အထိ ဒီအတိုင်းပဲ လုပ်သွားမှာပါ။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံး အဖြေကို ရှာဖွေဖို့ အမြဲကြိုးစားရပါတယ်။ ကျွန်တော်ကတော့ ဒီလိုလုပ်တာမှန်တယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့ ဒါကို နားမလည်ရင်လည်း ဂရုမစိုက်ပါဘူး။ လုံး၀ကို ဂရုမစိုက်တာပါ။ ဒီနေ့ ကျွန်တော်တို့ အမှားအကြီးလုပ်ခဲ့ပါတယ်။ ဒါက ဘောလုံးမှာ တစ်စိတ်တစ်ပိုင်းပါဝင်တာဖြစ်လို့ လက်ခံပြီး ရှေ့ဆက်ရပါမယ်"လို့ ပြောခဲ့ပါတယ်။

အမ်ဘာပေကတော့ လုံး၀မပျော်တဲ့ပုံစံမှာ ရှိနေပြီး ပွဲအပြီး အင်စတာဂရမ်မှာ နောက်ကျောပါဓာတ်ပုံကို တင်ခဲ့သလို မီဒီယာတွေနဲ့လည်း စကားပြောခဲ့ခြင်းမရှိပါဘူး။ ပီအက်စ်ဂျီကတော့ မာဆေးလ်ကိုနိုင်ခဲ့ပြီး ဒုတိယနေရာက ဘရက်စ်ကို ၁၂မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #မာဆေးလ် #အမ်ဘာပေ