ရှေ့သို့
Image

မန်စီးတီးနဲ့ပွဲမှာ မကြာခဏ ချော်လဲနေခဲ့တဲ့ ဒေးဗစ်ရာယာကို ဂယ်ရီနဗီးလ် ဝေဖန်

2:38 PM, 1 April

ယမန်နေ့ညက ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ဂိုးမရှိ သရေပွဲစဉ် အပြီးမှာ ဂယ်ရီနဗီးလ်က ကွင်းထဲမှာ မကြာခဏချော်လဲနေခဲ့တဲ့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။

ရာယာဟာ မန်စီးတီးကစားသမားတွေရဲ့ ကန်ချက်အချို့ကို လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သော်လည်း ဘောလုံးကို ရှေ့သို့ ကန်တင်ပေးပို့ရာမှာ မကြာခဏဆိုသလို ချော်လဲနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ပါကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ ဂယ်ရီနဗီးလ်က “ရာယာရဲ့ကန်ချက်တွေက ကြောက်စရာပါပဲ။ သူက ကန်ချက်တိုင်းမှာ လဲကျနေလို့ သူ့ရဲ့ပေးပို့မှုတွေက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းက ထူးဆန်းပါတယ်။ အာဆင်နယ်က ဘာမှမလုပ်ဘဲ ပြိုင်ဘက်ရဲ့အမှားကိုပဲ ထိုင်စောင့်နေတာ သိသာလွန်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်အပြင် မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ကလည်း ဒေးဗစ်ရာယာရဲ့ ချော်လဲကျမှုတွေဟာ အချိန်ဖြုန်းသလိုဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ရှမိုက်ကယ်က “ပရိသတ်တွေက ရာယာရဲ့အခုလို ဖြစ်ပျက်နေတာတွေကို စိတ်မချမ်းမသာဖြစ်နေကြပြီး အချိန်ဖြုန်းနေတယ်လို့ ထင်နေကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဂယ်ရီနဗီးလ်က အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်အနေနဲ့ ပထမပိုင်းမှာ ရခဲ့တဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး အာတီတာရဲ့အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သင့်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

နဗီးလ်က “ဂျီးဆပ်အနေနဲ့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်သင့်ပါတယ်။ မန်စီးတီးကစားသမားတွေ စုပြုံမလာချိန်မှာ ဂိုးပေါက်ကန်သွင်းချက်ပြုလုပ်နိုင်ခဲ့ရင် အာဆင်နယ်အတွက် ဦးဆောင်ဂိုးရနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #အာဆင်နယ် #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ် #ရာယာ