ရှေ့သို့
Image

ဆွန်ဟောင်မင်ကို ခေါင်းဆောင်ပီသသူ တစ်ဦးလို့ ချီးကျူးဂုဏ်ပြုလိုက်တဲ့ ပိုစတီကိုဂလူ

9:54 AM, 2 April

ဟယ်ရီကိန်း ထွက်ခွာသွားပြီးနောက် အသင်းအတွက် စစ်မှန်တဲ့ ခေါင်းဆောင်မှုပေးနိုင်သူအဖြစ် ပေါ်ထွက်လာသလို အခုဘောလုံးရာသီမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်တဲ့ ဆွန်ဟောင်မင်ကို တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

အခုဘောလုံးရာသီ၊ တော့တင်ဟမ်အတွက် ၁၅ ဂိုး သွင်းကာ ရှစ်ကြိမ်ဂိုးဖန်တီးပေးထားတဲ့ ဆွန်ဟောင်မင်က ပြီးခဲ့တဲ့နှစ်အတွင်း ဘိုင်ယန်မြူးနစ်ဆီ ဟယ်ရီကိန်း ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်တာဝန် ဆက်ခံခဲ့ရပါတယ်။ ဒါ့အပြင် တော့တင်ဟမ်က အသင်းနဲ့ ကာလရှည်လက်တွဲခဲ့တဲ့ ကမ္ဘာ့ဖလားဆုရှင်ပြင်သစ်ဂိုးသမား လိုရစ်ကိုလည်း မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လ်လိစ်အက်ဖ်စီဆီ လက်လွှတ်ပေးခဲ့ရပါတယ်။

ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမယ့် ဒီည၊ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ပိုစတီကိုဂလူက “ဆွန်ဟောင်မင်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ဆိုတာ သိပ်တော့လည်း ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာမျိုး မဟုတ်ပါဘူး။ လိုရစ်ရော၊ ဟယ်ရီကိန်းပါ အသင်းအပေါ် လွှမ်းမိုးမှုကြီးမားခဲ့ပါတယ်။ အဲရစ်ဒိုင်ယာကလည်း သူတို့လိုပဲ ကလပ်နဲ့ ကာလရှည်လက်တွဲခဲ့သူဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့တစိတ်တပိုင်းအဖြစ် ကျွန်တော်တို့တွေ ဆုံးဖြတ်ချက်အသစ်တစ်ခု ချမှတ်နိုင်ရေး လိုအပ်နေပြီဆိုတာ ပြသနိုင်ဖို့ အပြောင်းအလဲတစ်ခု လိုအပ်နေပြီဆိုတာကို ကျွန်တော်ကိုယ်တိုင် ခံစားမိလာခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆွန်ဟောင်မင်ကို စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးလို့ ယူဆမိခဲ့ပါတယ်။ သူက နိုင်ငံ့လက်ရွေးစင်အသင်း အတွက်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဆွန်ဟောင်မင်ကို အသင်းခေါင်းဆောင်တာဝန်ပေးဖို့ မတုံ့ဆိုင်းခဲ့ပါဘူး။ အသင်းခေါင်းဆောင်လက်ပတ်ကို ယူဖို့ဆိုတာ တခါတရံမှာ တာဝန်ကြီးလွန်းပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ ထူးခြားကောင်းမွန်နေခဲ့ပါတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ဇွန်လအတွင်း တော့တင်ဟမ်နည်းပြ တာဝန်စတင်ထမ်းဆောင်ချိန်ကတည်းက သူယူဆောင်လာတဲ့ တိုက်စစ်ပိုင်း အတွေးအခေါ်တွေကြောင့် ပိုစတီကိုဂလူဟာ ချီးကျူးမှုတွေ ရရှိခဲ့ပြီး ရာသီအဖွင့် လိဂ် ၁၀ ပွဲကို ရှုံးပွဲမရှိဖြတ်သန်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာ တော့တင်ဟမ်က အမှတ်ပေးဇယားအဆင့်-၅ နေရာမှာ ရပ်တည်နေပြီး အဆင့်-၄ နေရာရှိ တစ်ပွဲပိုကစားထားတဲ့ အက်စတွန်ဗီလာနဲ့ သုံးမှတ်ကွာဟနေပါတယ်။

ပိုစတီကိုဂလူက “ကျွန်တော်တို့ အခုဘောလုံးရာသီကို အကောင်းဆုံး ပိတ်သိမ်းသွားချင်ပြီး လွန်ခဲ့တဲ့ ၁၂ လတာကာလမှာ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတဲ့ အသင်းတစ်ခုအဖြစ် အခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်သွားလိုပါတယ်။ လူတွေကတော့ ကျွန်တော်တို့နဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးရှိပြီး မတူကွဲပြားစွာ သုံးသပ်နေကြပါတယ်။ ဒီလိုရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် ဘယ်နေရာမှာ ရပ်တည်နေသလဲဆိုတာနဲ့ အမှတ်တွေ ဘယ်လောက်အထိ စုဆောင်းထားနိုင်သလဲဆိုတာတွေချည်းပဲ မဟုတ်ပါဘူး။ အဲ့ဒီထက် ပိုပါတယ်။ အကောင်းဆုံး အဆုံးသတ်နိုင်မယ်ဆိုရင် အမှတ်ပေးဇယား ရပ်တည်မှုကောင်းကောင်းကို ရရှိပါလိမ့်မယ်။ ရာသီကုန်မှာ ကျွန်တော်တို့ ဘယ်နေရာမှာရှိနေမလဲ စောင့်ကြည့်သွားကြတာပေါ့။ ကူလူဆက်ဗ်စကီး၊ ဂျွန်ဆန်၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ပါပေးဆား။ ဒီကစားသမားတွေက အသက်-၂၀ စွန်းစွန်းပဲရှိသေးပြီး ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ အဖွင့်ရာသီ(သို့မဟုတ်) ဒုတိယမြောက်ရာသီကို ကစားနေကြပါပြီ။ ကျွန်တော်တို့ရဲ့အလုပ်ကတော့ သူတို့တွေ ခြေစွမ်းတိုးတက်လာအောင် လုပ်ပေးသွားဖို့ပါပဲ”လို့ ဆက်ပြောခဲ့ပါတယ်။

#တော့တင်ဟမ် #ဆွန်ဟောင်မင် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ