ရှေ့သို့
Image

မက်ဆီမပါလည်း အင်တာမိုင်ယာမီအနေနဲ့ ပွဲတွေကို အနိုင်ကန်နိုင်ကြောင်း ဆွာရက်ဇ် အခိုင်အမာဆို

8:43 AM, 4 April

လာမယ့်ဗုဒ္ဓဟူးနေ့မှာကန်မယ့် မွန်ထရီရယ်နဲ့ပွဲမတိုင်ခင် အင်တာမိုင်ယာမီစတား မက်ဆီတစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။ အဆိုပါပွဲဟာ အင်တာမိုင်ယာမီအတွက် အရေးကြီးပေမယ့် နည်းပြ မာတီနိုက မက်ဆီကို အရဲစွန့်ပြီး အသုံးပြုမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

မက်ဆီပါဝင်နိုင်ချေရှိလားဆိုတဲ့အပေါ် မာတီနိုက “လီယိုမှာ ဒဏ်ရာပြဿနာရှိနေပါတယ်။ သူ့မိနစ်တွေကို ကျွန်တော်တို့ စီမံနေပါတယ်။ မနက်ဖြန်ပွဲက အရေးကြီးတဲ့ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ ဧပြီလအစပဲ ရှိသေးတာကြောင့် တွေးရမှာတွေရှိပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို အရဲစွန့်ပြီး အသုံးပြုမှာမဟုတ်ပါဘူး။ လီယိုအတွက် ဘာကအကောင်းဆုံးလဲဆိုတာကို အခြေခံကျကျဆုံးဖြတ်မှာပါ။ အဲ့နောက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှာပါ။ မက်ဆီက မတူညီအောင်စွမ်းဆောင်နိုင်တဲ့ကစားသမားပါ။ ကျွန်တော်တို့ အဲ့တာကိုသိပါတယ်။ မနက်ဖြန်မတိုင်ခင်အထိ သူအဆင်ပြေလား မပြေဘူးလားဆိုတာ စောင့်ကြည့်မှာပါ။ အခြားသူမပါဝင်နိုင်တဲ့ရက်တွေတုန်းကလည်း ကျွန်တော်တို့ပွဲတွေ အနိုင်ကန်နိုင်ခဲ့ပါတယ်။ သူပါဝင်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပိုပျော်ရွှင်မိမှာပါ။ ရာသီအရှည်ကြီးကန်ရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားတွေ များပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူအင်အားရှိသလို ကစားသမားကောင်းတွေလည်းရှိတာကြောင့် အခြားသူတွေနေရာမှာ အစားထိုးနိုင်ပါတယ်။ ဆက်ကစားပြီး အသင်းတစ်သင်းအနေနဲ့ အတူတူအာရုံစိုက်ကာ ရှေ့ဆက်သွားရမှာပါ”လို့ မာတီနိုက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ မတ်လ ၁၃ ရက်နေ့ နက်ရှ်ဗီလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးကတည်းက တံကောက်ကြောဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့မတ်လနိုင်ငံတကာခြေစမ်းပွဲတွေကိုလည်း လွဲချော်ခဲ့ပါတယ်။

မက်ဆီ မပါဝင်နိုင်ချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ ၁ ပွဲနိုင် ၊ ၁ ပွဲသရေ နဲ့ ၁ ပွဲအရေးနိမ့်ထားပြီး အဆင့် ၂ နေရာမှာရပ်တည်နေပါတယ်။ အာဂျင်တိုင်းသားဟာာ အင်္ဂါနေ့မနက်ခင်းတုန်းက လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် လာမယ့်ပွဲမှာ ပါဝင်နိုင်မလားဆိုတာတော့ မသေချာသေးတာဖြစ်ပါတယ်။

#မက်ဆီ #ဆွာရက်ဇ် #အင်တာမီယာမီ