ရှေ့သို့
Image

ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် အလွန်စိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ ဗန်ဒိုက်

9:20 AM, 19 April

လီဗာပူးအသင်းခေါင်းဆောင် ဗာဂျီဗန်ဒိုက်က ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် စိတ်ပျက်နေတဲ့ ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပထမအကျော့ အိမ်ကွင်းဂိုးပြတ်ရှုံးပွဲကို ဒုတိယအကျော့မှာ ပြောင်းပြန်လှန်ပစ်နိုင်ခြင်းမရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃-၁နဲ့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။

ပွဲအပြီးမှာ ဗန်ဒိုက်က "ပထမဆုံးအနေနဲ့ အတ္တလန္တာကို အသိအမှတ်ပြုရမှာပါ။ ပြီးခဲ့တဲ့အပတ်ကတည်းက ထိခိုက်မှုကြီးမားခဲ့ပြီး ကျွန်တော်တို့ ဆိုးဆိုးရွားရွားကစားချိန် သူတို့က ပြီးပြည့်စုံခဲ့ပါတယ်။ သူတို့က နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့အပတ်ကရလဒ်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် လုပ်ခဲ့ပါတယ်။ ဒီနေ့ကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကောင်းကောင်းတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် နိုင်သွားတဲ့ခံစားချက်မျိုး မရှိခဲ့ပါဘူး။ ဒီပွဲမှာ တိုးတက်လာပေမယ့် ပြိုင်ပွဲက ထွက်လိုက်ရပြီဆိုတာက အမှန်တရားဖြစ်လို့ ကျွန်တော်တို့ ဒီလိုအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ပြီး စနေည လန်ဒန်ကိုသွားရပါမယ်။ ပရီးမီးယားလိဂ်ဖလားရဖို့ နောက်ဆုံးအကြိမ် ရုန်းကန်မှုမှာ အားလုံးကို လိုအပ်တယ်လို့ ကျွန်တော် ခံစားနေရပါတယ်"လို့ ပြောခဲ့ပါတယ်။

ဖူလ်ဟမ်ပွဲနဲ့ပတ်သက်ပြီး ဗန်ဒိုက်က "ကျွန်တော်တို့ ခက်ခဲတဲ့အခိုက်အတန့်ကို ကျော်ဖြတ်နေရပြီး အရင်ကလည်း ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ရင့်ကျင်မှုနဲ့ သန်မာမှု၊ ပရိုဆန်မှုတွေနဲ့အတူ တနင်္ဂနွေနေ့မှာ အသင့်ဖြစ်နေရပါမယ်။ ဒီညပွဲက ခက်ခဲခဲ့သလို တနင်္ဂနွေနေ့ပွဲကလည်း အတူတူပါပဲ။ အားလုံးက ဒါကိုသိကြပြီး ဒီပွဲအတွက် ကြံ့ခိုင်မှုပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အသင့်ဖြစ်နေရပါမယ်။ အဲ့ဒါက အဓိကရည်မှန်းချက်ပါပဲ။ အားလုံး စိတ်ပျက်နေကြပြီး ကျွန်တော်လည်း စိတ်ပျက်နေပေမယ့် ထိုင်ပြီးစိတ်ဓာတ်ကျနေဖို့ အချိန်အများကြီးမရပါဘူး။ ကျွန်တော်တို့ ၆ပွဲကစားဖို့ကျန်သေးတာကြောင့် အားလုံးကိုလိုအပ်ပြီး ဒီကြားထဲ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်"လို့ ဆိုခဲ့ပါတယ်။

#လီဗာပူး #အတ္တလန္တာ #ဗန်ဒိုက် #ယူရိုပါလိဂ်