ရှေ့သို့
Image

ဒီရာသီ အယ်လ်ကလက်စီကိုမှာ ရော်နယ်ဒိုရဲ့ စံချိန်တစ်ခုကို လိုက်မီခဲ့တဲ့ ဘယ်လင်ဟမ်

1:54 PM, 23 April

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ဟာ ယမန်နေ့က ဆန်တီယာဂိုဘာနေဗျူးမှာ ဘာစီလိုနာဘက်ကို အနိုင်ဂိုးသွင်းယူပြီးနောက် အသင်းရဲ့ဂန္ထဝင်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်ကလက်စီကို မှတ်တမ်းတစ်ခုကို လိုက်မီခဲ့ပါတယ်။

အသက်-၂၀ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် အဓိက အခန်းကဏ္ဍကနေပါဝင်ပေးထားနိုင်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း အဓိကခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းအတွက် အမြဲလိုလို ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်ဟာ ယမန်နေ့က ဘာစီလိုနာကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာလည်း အနိုင်ဂိုးကို ပွဲပြီးကာနီးအချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။

အဆိုပါသွင်းဂိုးဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၂၁ ဂိုးမြောက် သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။  ဒါ့အပြင် ဒီဂိုးကြောင့် ဘယ်လင်ဟမ်ဟာ ဘော်လွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုရဲ့စံချိန်တစ်ခုကိုလည်း လိုက်မီခဲ့တယ်လို့သိရပါတယ်။ အသက်-၃၉ နှစ်အရွယ် အယ်လ်နာဆာစူပါစတားဟာ လာလီဂါမှာ ဘာစီလိုနာကို အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့စလုံး ဂိုးသွင်းထားနိုင်တဲ့ နောက်ဆုံး ကစားသမားဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ဘယ်လင်ဟမ် အဆိုပါ မှတ်တမ်းကို ပထမဆုံးအကြိမ် ပြန်လည်လိုက်မီခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကစားသမားဟာ ၂၀၁၄-၁၅ ရာသီ ဘာစီလိုနာကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရစဉ်မှာ ဂိုးသွင်းနိုင်ခဲ့သလို ဒုတိယအကျော့ နူးကမ့်မှာ ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ဘယ်လင်ဟမ်ဟာ ရော်နယ်ဒိုထက် ပိုမိုအားထုတ်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ ဘာစီလိုနာကို ၂ ကျော့စလုံးအနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဂန္ထဝင် ရာအူးလ်က “သူ အယ်လ်ကလက်စီကိုမှာ ဂိုးသွင်းနိုင်ခဲ့တာက ချီးကျူးစရာပါ။ ဒါပေမယ့် အသင်းက ခက်ခဲနေချိန်မှာ ထွက်ပေါက်ကို ရှာတွေ့အောင်ပြုလုပ်ပေးနိုင်တာကတော့ ပိုပြီး အသိအမှတ်ပြုရပါမယ်။ သူက အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုကောင်းကောင်းရှိပြီး ဒါကြောင့်လည်း သူက ထူးခြားနေတာပါ။ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ် ဂန္ထဝင်ကစားသမားဖြစ်လာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ရော်နယ်ဒို #ဘယ်လင်ဟမ်