ရှေ့သို့
Image

ဘာစီလိုနာကို ဆက်လက်တာဝန်ယူဖို့ ရှိ၊မရှိ ဆွေးနွေးမှုပြုလုပ်သွားမယ့် ဇာဗီ

2:32 PM, 23 April

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ဟာ ယခုရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာထားပြီးဖြစ်သော်အလည်း အသင်းကို ဆက်လက်ကိုင်တွယ်နိုင်ဖွယ်ရှိတဲ့ အလားအလာကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာကလည်း အခုချိန်အထိ လာမယ့်ရာသီအတွက် နည်းပြသစ်ကို ဆုံးဖြတ်ချက် ချထားတာမျိုးမရှိတာကြောင့် ပရိသတ်တွေက လာမယ့် ၂ ပတ် ၃ ပတ်အတွင်း တစ်စုံတစ်ရာ ကြေညာသင့်နေပြီလို့ ယူဆနေတာဖြစ်ပါတယ်။ အခုချိန်အထိတော့ ကလပ်အတွင်းမှာ ဇာဗီအနေနဲ့ ဘာစီလိုနာကို ဆက်လက်ကိုင်တွယ်မှာလား၊ မကိုင်တွယ်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ အပတ်မှာ ဇာဗီက အသင်းကို ဆက်လက်ကိုင်တွယ်ဖို့အတွက် ထိပ်တန်းကစားသမား ၃ ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့သော်လည်း အသင်းရဲ့အားကစားဒါရိုက်တာက မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဆိုပါငြင်းဆန်မှုကို ဇာဗီဘက်က ခိုင်မာတဲ့ တုံ့ပြန်မှုမပြုလုပ်ရသေးပေမယ့် အသင်းဥက္ကဌ ဂျိုအန်လာပေါ်တာကတော့ ဇာဗီကို အသင်းမှာ ဆက်လက်ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်အချို့ကလည်း ဇာဗီနဲ့သာ လက်တွဲလုပ်ဆောင်လိုနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

တနင်္လာနေ့မနက်ပိုင်းသတင်းတွေအရ ဇာဗီနဲ့နီးစပ်တဲ့ လူတွေက စပိန်သားဟာ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဇာဗီဟာ အသင်းကနေ သူလိုချင်တဲ့ အချက်အချို့ တောင်းဆိုမှုပြုလုပ်ဖို့ ဆန္ဒရှိနေပြီး အသင်းဘက်က လိုက်လျောမှုမရှိရင်တော့ ထွက်ခွာမယ့်သဘောမှာရှိနေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဇာဗီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်မှာဖြစ်လို့ ဘယ်လိုတွေဆုံးဖြတ်ကြမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ