ရှေ့သို့
Image

အန်တိုနီအနေနဲ့ သူ့ရဲ့အပြုအမူကြောင့် ရှက်သင့်တယ်လို့ ပြောကြားလိုက်တဲ့ ရှနိုက်ဒါ

11:04 AM, 25 April

အန်တိုနီရဲ့ ကိုဗင်ထရီစီးတီးရဲ့ ကစားသမားတွေအပေါ် ပြုလုပ်ခဲ့တဲ့ အပြုအမူကြောင့် ရှက်သင့်ပြီး အက်ဖ်အေဖလား ဖိုင်နယ်မှာ ယူနိုက်တက်ကို ၅-၀ ဂိုးနဲ့ ရှုံးစေချင်တယ်လို့ ရှနိုက်ဒါက ပြောကြားလိုက်ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ တက်လှမ်းရန် ချန်ပီယံရှစ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကျော်ဖြတ်ခဲ့ပြီးနောက် အခိုက်အတန့်တွင် အန်တိုနီဟာ ကိုဗင်ထရီ ကစားသမားများဘက်သို့ လှည့်ကာ နားရွက်နားသို့ လက်တင်တဲ့ ပုံစံကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်က ပေါင် ၈၅ သန်း (ဒေါ်လာ ၁၀၅ သန်း) ဖြင့် ခေါ်ယူခဲ့တဲ့ ကစားသမားရဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ပြီး တောင်ပံကစားသမားက စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ပြောခဲ့ပေမယ့် အင်တာမီလန်နဲ့ အေဂျက်စ်ကြယ်ပွင့်ဟောင်း ရှနိုက်ဒါကတော့ ဘရာဇီးလက်ရွေးစင်ကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အပြီးတွင် အသက် ၃၉ နှစ် အရွယ်ရှိ ရှနိုက်ဒါက နယ်သာလန်သတင်းစာဖြစ်တဲ့ Ziggo Sport သို့ "အန်တိုနီက သူလုပ်ခဲ့တာတွေအတွက် လုံးဝရှက်သင့်ပါတယ်။ ဒီလိုလုပ်မယ့်အစား ကွင်းထဲကနေ တည့်တည့်လျှောက်သွားသင့်ပါတယ်။ ဗိုလ်လုပွဲမှာ ယူနိုက်တက်က ၅-၀ ဂိုးနဲ့ ရှုံးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

ပုံမှန်ပွဲကစားချိန်အတွင်းမှာ တန်ဟက်ရဲ့အသင်းဟာ ၃-၀ ဂိုးဖြင့် ဦးဆောင်နေပေမယ့် ချေပဂိုးများ ပြန်ပေးခဲ့ရတာဖြစ်ကာ ပင်နယ်တီတွင် အနိုင်ရရှိခဲ့တာကြောင့် မနှစ်က အက်ဖ်အေဖလား ဖိုင်နယ်ကလို မန်စီးတီးနှင့် ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အေဂျက်စ်ကြယ်ပွင့်ဟောင်း အန်တိုနီဟာ လက်ရှိရာသီ ၃၅ ပွဲတွင်၂ဂိုး သွင်း ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားတာကြောင့် သူ့ရဲ့သွင်းဂိုးတွေအတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အန်တိုနီရဲ့ ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့တွင် အမှတ်ပေးဇယားအောက်ဆုံးမှ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် လက်ခံကစားရမှာဖြစ်ပြီး စနေနေ့တွင် တန်းဆင်းဇုန်နားမှာရှိနေတဲ့ ဘန်လေနှင့် အိမ်ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #အက်ဖ်အေဖလား #ရှနိုက်ဒါ