ရှေ့သို့
Image

သေရေးရှင်ရေးအခြေအနေမှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့လို့ လီဗာပူးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ကာရေဂါ

3:21 PM, 25 April

လီဗာပူးကစားသမားဟောင်း ဂျေမီကာရေဂါက ယနေ့နံနက် မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဒီအရှုံးကို လက်မခံနိုင်ကြောင်းနဲ့ အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလားမျှော်လင့်ချက်ဟာ နစ်မြုပ်သွားခဲ့ပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ယခုရှုံးပွဲကြောင့် လီဗာပူးဟာ ချဲလ်ဆီးကို ၅-၀ နဲ့အနိုင်ယူပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ၃ မှတ်အထိကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးနဲ့ ၁ မှတ်သာကွာဟနေတဲ့ တတိယနေရာက မန်စီးတီးကလည်း ၂ ပွဲလျော့နေတာဖြစ်ပြီး ၁ ပွဲနိုင်တာနဲ့ ယာဂင်ကလော့ပ်ရဲ့အသင်းကို ကျော်တက်တော့မှာဖြစ်ပါတယ်။

ပွဲအပြီးမှာ ကာရေဂါက “ဒါက လီဗာပူးရဲ့ အမှတ်ပေးဖလားပြိုင်ပွဲအတွက် နိဂုံးပါပဲ။ ကျွန်တော်တို့ ဒီနေရာမှာပဲ အဆုံးသတ်သွားပြီလို့ခံစားရပါတယ်။ ဒီညက အဲဗာတန်ရဲ့ အကောင်းဆုံးညပါ။ ဒါကိုအသိအမှတ်ပြုရပါမယ်။ ပြီးတော့ ဒါဝင်နူနက်ဇ်ရဲ့ လွဲချော်မှုတွေကလည်း ဒီလိုအဆင့်မျိုးမှာ လက်ခံနိုင်စရာမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယပိုင်းမှာ လီဗာပူးအနေနဲ့ ပြန်လာနိုင်ခဲ့သင့်ကြောင်း နောက်ခံလူဟောင်းက “ဒုတိယပိုင်းအစမှာ ကျွန်တော်တို့ ဘောလုံးထိန်းချုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုးရဖို့တော့ မတတ်နိုင်ခဲ့ပါဘူး။ ပြီးတော့ မိုဆာလက်ရဲ့ ဖြုန်းတီးမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။ သူဒဏ်ရာကနေ ပြန်လာကတည်းက ပုံမှန်ခြေစွမ်းမရသေးပါဘူး။ သူက လီဗာပူးရဲ့၊ ဂန္ထဝင်၊ စူပါစတားနဲ့ ကြီးမြတ်တဲ့ကစားသမားပါ။ ဒါပေမယ့် ဒီပွဲမှာတော့ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပါတယ်။ ၂-၀ ဆိုတဲ့အခြေအနေမှာတော့ လီဗာပူးမှာ အကြံကုန်သွားသလို လွယ်လွယ်လေးအရှုံးပေးလိုက်ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကလည်းက “ကျွန်တော်တို့ ဒီပွဲကို ပုံစံမျိုးစုံနဲ့ စိတ်ပျက်မိပါတယ်။ အသင်းရဲ့ကစားသမားတိုင်း မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ကိုယ့်စွမ်းဆောင်ရည်ကို သုံးသပ်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့ အရာအားလုံး ပေးအပ်ခဲ့သလား။ ဆုဖလားကို တကကယ်ပဲလိုချင်ရဲ့လားပေါ့။ ဒါပေမယ့် ဒီညပြီးရင် ကျွန်တော်တို့မှာ ဆက်လက်တိုက်ပွဲဝင်ဖို့ ပွဲစဉ်တွေကျန်ပါသေးတယ်။ ဒါပေမယ့် ဒီညလိုပဲ စွမ်းဆောင်ရည်ညံ့ဖျင်းနေဦးမယ်ဆိုရင်တော့ ဆုဖလားနဲ့ ဝေးကွားသထက်ပိုဝေးလာမှာပါ။ ဒီပွဲက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပေမယ့် တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အသင်းထက်တော့ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အဲဗာတန် #ကာရေဂါ #ပရီးမီးယားလိဂ်