ရှေ့သို့
Image

အသင်းလိုက် ကြိုးစားအားထုတ်မှုကြောင့် အခုလိုခြေစွမ်းပြသနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ဖာနန်ဒက်စ်

3:35 PM, 25 April

ယနေ့နံနက်က အိုးလ်ထရက်ဖို့ဒ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို ၄-၂ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပြီး အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပွဲအပြီးမှာတော့ သူ အခုလို ခြေစွမ်းပြသနိုင်ခဲ့တာက အသင်းလိုက် ကြိုးစားအားထုတ်မှုကြောင့် ဖြစ်တယ်လို့ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ကြိုးစားရမယ့် အခန်းကဏ္ဍတွေရှိနေသေးကြောင်းနဲ့ ရာသီကုန်မှာ မျှော်လင့်ထားတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ လိုအပ်တယ်လို့ ပေါ်တူဂီသားက ထောက်ပြခဲ့ပါတယ်။

ပွဲအပြီးမှာ ဖာနန်ဒက်စ်က “ဒီပွဲမှာ ကျွန်တော်တို့ တိုက်စစ်ပိုင်းအစွမ်းပြနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒါကလည်း အသင်းလိုက်ကြိုးစားအားထုတ်မှုနဲ့ ပံ့ပိုးမှုတွေကောင်းမွန်ခဲ့လို့ပါ။ ရှက်ဖီးလ်ရဲ့နောက်တန်းက အထပ်ထပ်ပိတ်ဆို့ထားတာကြောင့် ကျွန်တော်တို့ နေရာလွတ်တွေရရှိဖို့ ခက်ခဲခဲ့ပြီး အသင်းဖော်တွေတစ်ယောက်နဲ့တစ်ယောက် နေရာလွတ်တွေ ဖန်တီးပေးခဲ့ကြရပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယသွင်းဂိုးမှာလည်း ကိုဘီမိုင်နူးရဲ့ပေးပို့မှုက အချိန်ကိုက်ရောက်လာခဲ့ပြီး ဒါက ဘောလုံးမှာအရေးကြီးတဲ့အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပေါ်တူဂီလက်ရွေးစင်ကစားသမားက “ပြီးတော့ နောက်ဆုံးဂိုးမှာလည်း ဟွိုက်လန်းက အဆင်သင့်ရှိနေခဲ့ပြီး ကျွန်တော်လှည့်လိုက်တဲ့အချိန်မှာ သူ့ကိုမြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဒီယေဂိုဒါလော့နဲ့ ဂါနာချိုတို့ကြောင့် ဟွိုက်လန်းက အခုလို နေရာလွတ်ရခဲ့တာပါ။ ဒါကြောင့်ပဲ ဒီဂိုးကိုရခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲမှာယူနိုက်တက်ဟာ အသင်းရဲ့အကယ်ဒမီလူငယ်ကစားသမားလေးတစ်ဦးဖြစ်တဲ့ အီသန်ဝှစ်တလေကို လူစားဝင်ကစားသမားအဖြစ် စတင်ပွဲထုတ်ခဲ့ပါတယ်။ အဆိုပါလူငယ်ကစားသမားလေးဟာ ယူနိုက်တက် ယူ-၁၈ နဲ့ ယူ-၂၁ အသင်းတွေမှာ အထူးခြေစွမ်းပြသထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ယခုအခါမှာတော့ ယူနိုက်တက်စီနီယာအသင်းအတွက် ကစားခွင့်ရတဲ့ အယောက် ၂၅၀ မြောက် အကယ်ဒမီကစားသမားဖြစ်လာခဲ့ပါတယ်။

ဝှစ်တလေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ဒီပွဲက သူ့အတွက် အံ့ဩစရာကောင်းတဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်မှာသေချာပါတယ်။ ဒီနေ့ပွဲမှာ သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေ ကွင်းထဲမှာရှိနေဖို့ မျှော်လင့်ပါတယ်။ ဒါက သူ့အတွက် မေ့မရနိုင်တဲ့ အခိုက်အတန့်ဖြစ်လာပြီး အမြဲတမ်းအမှတ်ရနေမှာ သေချာပါတယ်။ ပြီးတော့သူက သွင်းဂိုးဆာလောင်တဲ့ကစားသမားဖြစ်ပြီး အနာဂတ်မှာ ဂိုးတွေသွင်းယူနိုင်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ရှက်ဖီးလ်ယူနိုက်တက် #ပရီးမီးယားလိဂ်