ရှေ့သို့
Image

ချန်ပီယံပြေးလမ်းမှာ လီဗာပူးရှိနေဆဲပဲလို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

9:24 AM, 26 April

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး၊ အာဆင်နယ်တို့ကို ကျော်ဖြတ်နိုင်စွမ်း ရှိနေဆဲဖြစ်တယ်လို့ ပက်ဂွါဒီယိုလာက ရဲရဲဝံ့ဝံ့ပြောဆိုလိုက်ပါတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းက ဒီနေ့မနက်ပိုင်းမှာ ဘရိုက်တန်ကို ဖိုဒန်(၂ ဂိုး)၊ ဒီဘရိုင်း၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် လေးဂိုးပြတ် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုလေးကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံးအနေအထားဆီ ချဉ်းကပ်လာခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်ရှိနေပေမယ့် မန်စီးတီးက တစ်ပွဲလျော့၊ တစ်မှတ်အကွာဖြင့် အနီးကပ်ဖိအားပေးထားနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ လီဗာပူးက ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်တို့ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ သုံးမှတ်အကွာမှာ ရပ်တည်နေကာ အန်ဖီးလ်ကလပ်ရဲ့ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသွားပြီလို့ ယူဆသူတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ မာဆေးဆိုဒ်ဒါဘီရှုံးပွဲအပြီးမှာ ယာဂန်ကလော့ပ်၊ ဗန်ဒိုက်တို့က သူတို့ရဲ့ချန်ပီယံဖြစ်ခွင့်နဲ့ပတ်သက်ပြီး အတော်လေးကို အဆိုးမြင်ထားခဲ့ပေမယ့် ပက်ဂွါဒီယိုလာမှာတော့ သူတို့နဲ့မတူညီတဲ့အမြင်မျိုး ရှိနေခဲ့ပါတယ်။

BBC Sport သတင်းဌာနနဲ့တွေ့ဆုံချိန် လက်ရှိလိဂ်ချန်ပီယံပြေးလမ်းမှာ မန်စီးတီးနဲ့ အာဆင်နယ်ပဲ ကျန်ခဲ့ပြီလို့ ခံစားမိနေလားဆိုတဲ့ မေးခွန်းကို ပက်ဂွါဒီယိုလာက “အဲ့ဒါ မဟုတ်ပါဘူး။ လီဗာပူးက နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တယ်။ ဒါမျိုးတွေ အာဆင်နယ်လည်း ဖြစ်နိုင်သလို ကျွန်တော်တို့လည်း တွေ့ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေဆီကနေ ဘယ်သူမှ မလွတ်မြောက်ကြသေးပါဘူး။ အရေးကြီးဆုံး အရာကတော့ ကျွန်တော်တို့အသင်း ချန်ပီယံပြေးလမ်းမှာ ရှိနေဖို့ပါပဲ။ ပွဲတွေ အများကြီးကစားရပါဦးမယ်။ မမျှော်လင့်ထားတဲ့ ကိစ္စတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ကျွန်တော်တို့ အနားယူရပါမယ်။ အခုအချိန်မှာတော့ အားအင်တွေ ပြန်ဖြည့်တင်းပြီး နောက်ပွဲစဉ်တစ်ခုအတွက် ဆက်လက်ပြင်ဆင်သွားရပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲစဉ်ရလဒ်ပိုင်းက အာဆင်နယ်နဲ့ မန်စီးတီးတို့အကြား ရမှတ်ကွာဟမှုကိုသာမက ဂိုးကွာခြားမှုရလဒ်(အာဆင်နယ် +၅၆ ဂိုး၊ မန်စီးတီး +၄၈ ဂိုး)ကိုပါ ကျဉ်းမြောင်းသွားစေပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ်ဆွတ်ခူူးနိုင်ချိန် ဂိုးကွာခြားမှုရလဒ်ရဲ့အရေးပါပုံကို ကောင်းကောင်းသိရှိခဲ့တဲ့ မန်စီးတီးအတွက် ပက်ဂွါဒီယိုလာက “ဂိုးကွာခြားချက်ကို ကျဉ်းမြောင်းသွားအောင် လုပ်ဖို့ ခဲယဉ်းလွန်းပါတယ်။ ကွာဟချက်က အရမ်းကြီးပါတယ်။ အာဆင်နယ်က ဂိုးတွေ အများကြီးသွင်းပြီး ပေးဂိုးလည်း မရှိပါဘူး။ အဓိကအချက်ကတော့ ပွဲစဉ်တွေကို အနိုင်ကစားသွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငါးပွဲကစားရဖို့ ကျန်နေသေးပြီး ပွဲတိုင်းက ခက်ခဲပါတယ်။ တစ်ပွဲချင်းစီပဲ အာရုံစိုက်သွားရပါမယ်။ အခုအချိန်မှာ ခွန်အားတွေ ပြန်ဖြည့်တင်းပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အတွက် ပြင်ဆင်ရပါမယ်” လို့ Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့က လာမယ့်တနင်္ဂနွေနေ့မှာ နော်တင်ဟမ်ဖောရက်စ်၊ တော့တင်ဟမ်တို့နဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး လီဗာပူးကတော့ သူတို့နှစ်သင်းထက် တစ်ရက်စောကာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲစဉ် ကစားရပါလိမ့်မယ်။

#လီဗာပူး #မန်စီးတီး #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်