ရှေ့သို့
Image

လီဗာပူးမှာ ဆာလက်ရဲ့အချိန်ကာလက အပြီးသတ်နေပြီလို့ ခံစားရကြောင်း ဆောက်တန် အခိုင်အမာဆို

11:02 AM, 26 April

အင်္ဂလန်နည်းပြဟောင်း ဆောက်တန်က လီဗာပူးစတား ဆာလက်ရဲ့အချိန်ကာလက အပြီးသတ်နေပြီဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်သလို ကလော့ပ်နေရာမှာ ဆက်ခံမယ့်နည်းပြသစ် အတွက် လီဗာပူးအသင်းမှာ တောင့်တင်းတဲ့ လူအင်အားရှိနေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ကြားရက်တုန်းက မာဆေးလ်ဆိုက်ဒါဘီမှာ အဲဗာတန်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုအတွက် ခက်ခဲသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ လီဗာပူးကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နေသလို စီးတီးကလည်း ဘရိုက်တန်နဲ့ပွဲအပြီးဆိုရင် ၁ ပွဲသာ ကျန်တော့မှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ လီဗာပူးအသင်းဟာ ကလော့ပ်နေရာအတွက် ဖီယင်နုနည်းပြ စလော့တ်ကို ချိတ်ဆက်နေပြီး ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။

“လီဗာပူးက ကလော့ပ်နေရာအတွက် စလော့နဲ့စကားပြောနေပါတယ်။ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနေပါပြီ။ ဒီနေ့မှာ ဆက်ပြီးစကားပြောပါလိမ့်မယ်။ သူက ရေပန်းအစားဆုံးပါ။ ဘယ်သူပဲဖြစ်ဖြစ် လီဗာပူးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့ လူအင်အားရှိနေပါတယ်။ အဲ့တာက ကျွန်တော့်အမြင်ပါ။ ခင်ဗျားအမြင်ကိုတော့ မသိပါဘူး။ ကျွန်တော့်အမြင်အရတော့ ဆာလက်ရဲ့လီဗာပူးအသင်းအချိန်ဟာ ပြီးဆုံးနေပါပြီ”လို့ ဆောက်တန်က ပြောကြားခဲ့ပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးမသွင်းနိုင်ခဲ့ပဲ စာချုပ်သက်တမ်းက ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အီဂျစ်သားဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဆာလက်တစ်ယောက် လီဗာပူးအသင်းထံ ၂၀၁၇ တုန်းက ရိုးမားအသင်းထံကနေ ပြောင်းလာခဲ့တာဖြစ်ပြီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၄၅ ပွဲမှာ ၂၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ လီဗာပူးစတားကို ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေပြီး အခုနွေရာသီမှာ ခေါ်ယူဖွယ်ရှိနေပါတယ်။

“လီဗာပူးအသင်း လူစာရင်းကိုကြည့်လိုက်ရင် လူအင်အားတောင့်တင်းတာကို မြင်ရမှာပါ။ ကွင်းလယ်ဆိုရင် ဆိုဘိုဆလိုင်း ၊ အလစ္စတာတို့ရှိနေပါတယ်။ အာနိုးလ်အခြေအနေက ကျွန်တော်မသိသေးပေမယ့် သူတို့ ဆက်ထိန်းမယ်လို့ ထင်ပါတယ်။ တိုက်စစ်မှာဆိုရင်လည်း ဂျိုတာ၊ ဒီယက်ဇ်နဲ့ ဒါဝင်နူနက်ဇ်တို့ ရှိနေပါတယ်။ ဒီလူစာရင်းအပြင် လူအင်အားထပ်မံဖြည့်တင်းမှုနဲ့ဆိုရင် နောက်နည်းပြအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ဆိုတာက မခက်ခဲလောက်ပါဘူး”လို့ ဆောက်တန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဆာလက် #ပရီးမီးယားလိဂ်