ရှေ့သို့
Image

ဂီတာဖေးမှာ ခြေစွမ်းပြပြီး ကိုယ်ပိုင်စံချိန်ကို ချိုးလိုက်နိုင်တဲ့ မေဆင်ဂရင်းဝုဒ်

1:40 PM, 28 April

ဂရင်းဝုဒ်ဟာ စနေနေ့က ဂီတာဖေးအတွက် ၂ ဂိုးသွင်းပြီးနောက် တစ်ရာသီအတွင် ဂိုးဖန်တီးမှုနှင့် သွင်းဂိုးများအတွက် သူ့ရဲ့ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ စနေနေ့က လာလီဂါပွဲစဉ်အဖြစ် အယ်မာရီယာနှင့်ပွဲမှာ ဂီတာဖေးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာလည်း ၂-၁ ဂိုး ဖြစ်စေမယ့် ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ မာတာကလည်း ဂရင်းဝုဒ်ရဲ့ ဖန်တီးပေးမှုကနေ ၃-၁ ဂိုး ဖြစ်စေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။

ယူနိုက်တက် တိုက်စစ်မှူးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် သူ့ရဲ်ကစားသမားဘဝ တစ်လျှောက် ဂိုးဖန်တီးမှုနဲ့ သွင်းဂိုးတွေအတွက် သူ့ရဲ့အကောင်းဆုံးရာသီကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ယခုအခါ ဂရင်းဝုဒ်ဟာ ၂၀၂၃-၂၄ ရာသီတွင် ၈ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးထားပြီး ၂၀၁၉-၂၀ ရာသီတွင် ယူနိုက်တက်အတွက် တစ်ရာသီအတွင်း ၁၁ ကြိမ် ပြုလုပ်ထားနိုင်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအတွက် ၄ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ဘော်ဒါလက်စ်ရဲ့အသင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြန်လည်ပြသလိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်မှ အငှားလာရောက်ကစားနေတဲ့ ကစားသမားရဲ့ စာချုပ်က ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်သော်လည်း သူ့ရဲ့အနာဂတ်က မရှင်းလင်းသေးတာဖြစ်ပါတယ်။ အဆိုပါတိုက်စစ်မှူးကို ဂျူဗင်တပ်စ်အပါအဝင် ကလပ်အသင်းများစွာက ချိတ်ဆက်နေပြီး ယူနိုက်တက်တွင် နောက်တစ်ကြိမ် ပြန်ကစားဖို့ မျှော်လင့်လို့မရနေတာဖြစ်ပါတယ်။ ဂီတာဖေးဥက္ကဌ အိန်ဂျယ်တောရက်စ်က သူ့အနေနဲ့ တိုက်စစ်မှူးကို ဆက်လက်ထိန်းထားလိုကြောင်း ပြောဆိုထားပြီးဖြစ်ပေမယ့် ဘော်ဒါလက်စ်ရဲ့အသင်းမှာ ဆက်ရှိနေမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဘော်ဒါလက်စ်က ပွဲမစမီမှာ ဂရင်းဝုဒ်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေကို နည်းပြက "ဒီအကြောင်းကို ကျွန်တော်တို့ မပြောရသေးပါဘူး။ သူက တခြားအငှားသမားတွေနဲ့ အတူတူပါပဲ။ ရာသီကုန်ရင် မေဆင်က နောက်ထပ်တစ်နှစ် ဆက်နေနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါဟာ သူ့ရဲ့ကလပ်နဲ့ သူဆုံးဖြတ်တဲ့အပေါ်မှာ မူတည်လိမ့်မယ်"လို့ ပြောပါတယ်။

ဂီတာဖေးနှင့် ဂရင်းဝုဒ်တို့ဟာ အက်သလက်တစ်ကလပ်၊ ကာဒီဇစ်၊ အက်သလက်တီကို၊ အလာဗက်စ်၊ မာယော့ကာတို့နှင့်ကစားပြီးနောက် လာလီဂါပွဲစဉ်များကို အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ သူ့ရဲ့ သွင်းဂိုးအရေအတွက်ကို မြှင့်တင်ရန်နှင့် အငှားလာရောက်ကစားမှု မပြီးဆုံးမီတွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုများ ပိုများလာဖို့ မျှော်လင့်နေမှာပါ။

#လာလီဂါ #ဂီတာဖေး #ဂရင်းဝုဒ်