ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလွန်ဝေးကွာသွားပြီလို့ ဝန်ခံလာတဲ့ တန်ဟက်

2:05 PM, 28 April

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က သူ့ရဲ့အသင်းဟာ ယမန်နေ့ညက ဘန်လေကို ၁-၁ နဲ့သရေကျခဲ့တာကြောင့် ဒီရာသီမှာ အဆင့် ၄ နေရာရဖို့ ရမှတ်အလွန်ကွာဟသွားကြောင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်တော့မှာဖြစ်တဲ့အကြောင့် ဝန်ခံပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်က ယူနိုက်တက်ဟာ ဒီပွဲမှာ အနည်းဆုံး ပင်နယ်တီ ၁ လုံးလောက်တော့ ရသင့်ကြောင်းနဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို တရားမျှတမှုမရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပွဲကစားချိန် ၇၉ မိနစ်က အန်တိုနီရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ၁၀ မိနစ်အကြာမှာတော့ အိုနာနာရဲ့ ကွာကွယ်ပုတ်ထုတ်မှုက ဘန်လေကစားသမား အမ်ဒူနီကို ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ ထို့နောက် အဆိုပါပင်နယ်တီကို အိုနာနာက ကာကွယ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲအပြီးမှာတော့ ၁-၁ ဆိုတဲ့သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်ကလည်း အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ရာသီကုန်ဖို့ကလည်း ၄ ပွဲသာလိုတော့တာကြောင့် ယခုအခါမှာတော့တန်ဟက်က သူ့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့သာ ဖြစ်နိုင်တော့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ပွဲအပြီးမှာ တန်ဟက်က “ကျွန်တော်တို့ အဆင့် ၄ နေရာနဲ့က အရမ်းကိုဝေးကွာသွားပါပြီ။ ဒါက လက်ခံရမယ့်အချက်တစ်ချက်ပါ။ ကျွန်တော်တို့ ဒီနေ့ပွဲကို အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အချို့မှာ ကျွန်တော်တို့ အနိုင်ရပြီး အဆင့်ကောင်းကောင်းရှိခဲ့ပေမယ့် အခုတော့ အကုန်လုံးကို လွှင့်ပစ်လိုက်မိပါတယ်။ အဆင့် ၄ နေရာနဲ့ကွာဟမှုက အတော်လေးကြီးထွားလာခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တန်ဟက်က ယခုပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဂျွန်ဘရွတ်စ် ရဲ့ဆုံးဖြတ်ချက်တွေကို ကျေနပ်မှုမရှိကြောင်းကို “အိုနာနာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကတော့ ပင်နယ်တီဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း ဒီပွဲမှာ ပင်နယ်တီ ၃ ကြိမ်လောက်အထိရသင့်ပါတယ်။ ကွင်းလယ်ဒိုင်က မျှတမှုမရှိပါဘူး။ ပြီးခဲ့တဲ့အပတ်က ဘစ်ဆာကာ လက်ထိပြီး ကျွန်တော်တို့ပင်နယ်တီပေးခဲ့ရပေမယ့် ဒီပွဲမှာတော့ပြိုင်ဘက်ကစားသမား လက်ထိပြီး ကျွန်တော်တို့ပင်နယ်တီမရခဲ့ပါဘူး” “ကျွန်တော်တို့ ချဲလ်ဆီး၊ လီဗာပူး၊ ကိုဗင်ထရီ ပြီးတော့ အခု ဘန်လေနဲ့ပွဲစဉ်တွေမှာ ပွဲတိုင်းပင်နယ်တီပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရသင့်တာတွေ ပြန်မရခဲ့ပါဘူး။ ယူနိုက်တက်ကို အကုန်လုံးက ဆန့်ကျင်နေကြပါတယ်။ ဒီနေ့ကျွန်တော်တို့ ပင်နယ်တီ ပေးခဲ့ရတာ ပြဿနာမဟုတ်ပါဘူး။ ဒါကမှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ရသင့်တဲ့ပင်နယ်တီကိုပြန်မရတာကတော့ ပြဿနာပါပဲ။ ဒီလို အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲမျိုးမှာ ဒိုင်လူကြီးတွေ ဘာတွေလုပ်နေကြသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပြီး ဒါကို သူတို့တာဝန်ယူဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်